ဒဂုံတောင် ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ဇွန်လ(၁၂)ရက်နေ့တွင် ကျရောက်မည့် ကလေးအလုပ်သမားပပျောက်ရေးနေ့ အထိမ်းအမှတ်(အကြို) ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ(၁:၃၀)နာရီက မြို့နယ်စက်မှုဇုန်(၁)စီမံခန့်ခွဲရေးကော်မတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာအလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ဒဂုံမြို့သစ်ခရိုင်ရုံးက လက်ထောက်ညွှန်ကြားရေးမှူး ဦးသူရအောင်က ကလေးအလုပ်သမားဆိုင်ရာ သိသင့်သိထိုက်သောအချက်အလက်များ၊ အလုပ်သမားဥပဒေရေးရာအချက်အလက်များနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးနှင့် ပတ်သက်သောအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်မိုးက အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ အလုပ်သမားဝန်ကြီးဌာနက ကြီးကြပ်ဖွင့်လှစ်သော ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းများနှင့်ပတ်သက်သော သိသင့်သိထိုက်သည်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ လူမှုဖူလုံရေးအဖွဲ့ ဦးစီးအရာရှိ ဒေါ်ညွန့်နွယ်စိုးက အလုပ်သမားများ လုပ်ငန်းခွင်အတွင်း နစ်နာမှုမရှိစေရေးနှင့် ဥပဒေများအရ ကာကွယ်ပေးထားမှုများနှင့် အလုပ်သမားဆိုင်ရာရပိုင်ခွင့်များအား တက်ရောက်လာသော စက်ရုံ၊ အလုပ်ရုံအသီးသီးမှ ဝန်ထမ်းများကို ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာသော စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်းများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော ကလေးအလုပ်သမားဆိုင်ရာ နံရံကပ်စာစောင်များ နှင့် သုတ၊ရသ စာအုပ်များအား စိတ်ဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)