ကျောက်မဲ အောက်တိုဘာ ၈
ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးရုပ်ပုံများနှင့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများကို ကျောက်မဲမြို့၊ ဗဟိုဈေးကြီးအနီးရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ မြေစိုက်ပြဘုတ်တွင် ပြသထားကြောင်း သိရသည်။
အဆိုပါမြေစိုက်ပြဘုတ်တွင် မီဒီယာနှင့်သတင်းအချက်အလက် သိရှိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာနှင့် ကျန်းမာရေးဆိုင်ရာနည်းလမ်းများ၊ ကိုဗစ်-၁၉ ဆိုင်ရာ အချက်အလက်နှင့် ထင်မြင်ယူဆချက်များ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာ၌ ဆောင်ရန်/ရှောင်ရန်များ၊ သတင်းခွဲခြမ်းစိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များ စသည့် အကြောင်းအရာများပါဝင်သော ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်သည့် အသိပညာပေးရုပ်ပုံများပြသထားသည်။
ထို့အပြင် ရွေးကောက်ပွဲအတွက် ပြည်သူများ မကြာခဏမေးလေ့ရှိသော မဲဆန္ဒရှင်စာရင်းဆိုင်ရာ မေးခွန်းနှင့်အဖြေများ၊ မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာမည့် အချိန်များ၊ မဲဆန္ဒရှင်စာရင်းတွင် မိမိအမည်များမပါရှိခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေခြင်း၊ အချက်အလက်များ မှားယွင်းနေခြင်း တို့ရှိပါက ဒုတိအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားစဉ် ၁၄ ရက်အတွင်း သတ်မှတ်ပုံစံများဖြင့် ပြန်လည်ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပေးရန် လျှောက်ထားနိုင်ကြောင်း သိကောင်းစရာများ၊ မိမိတို့၏ မဲစာရင်းများကို အွန်လိုင်းကတဆင့် ကြည့်ရှုသည့် နည်းလမ်းများနှင့် မိမိအမည် စာရင်းများ ပါ/မပါ စစ်ဆေးရန် တိုက်တွန်းချက်များ ဖော်ပြထားကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)