မိုခါမုန်တိုင်းဒဏ်သင့်ဒေသများသို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ ငွေကျပ် (၁,၂၅၀,၀၀၀) ကျပ်လှူဒါန်း

ရန်ကုန် ဇွန် ၉

မိုခါမုန်တိုင်းဒဏ်သင့်ခဲ့သည့် ရခိုင်ပြည်နယ်အပါအဝင် ဘေးသင့်ဒေသများသို့ မိုခါမုန်တိုင်းကြောင့် ဖြစ်ပေါ်လာသော ထိခိုက်မှုများအား ကူညီပံ့ပိုးပေးရေးအတွက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းကိုယ်စား ဒုတိယဥက္ကဋ္ဌ (၂) ဦးရဲဝင်းနှင့် ယာယီအထွေထွေအတွင်းရေးမှူး ဦးကျော်ဇေယျတို့မှ ငွေကျပ် (၁,၂၅၀,၀၀၀) ကျပ်ကို ယမန်နေ့က ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) သို့လာရောက်လှူဒါန်းခဲ့ရာ UMFCCI Task Force အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်နှင့် အဖွဲ့ဝင် ဦးမျိုးသန့်တို့မှ လက်ခံရယူခဲ့သည်။

ကုန်သည်စက်မှုအသင်းချုပ်သည် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ မိုခါမုန်တိုင်းဒဏ် သင့်ခဲ့သော အဆောက်အဦများ၊ ဆေးရုံ၊ ဆေးခန်းများ၊ စာသင်ကျောင်းများအတွက် အမိုးအကာ များ လုံလောက်စွာထောက်ပံ့ပေးပို့နိုင်ရေး၊ ဘေးသင့်ပြည်သူများအတွက် အစားအသောက်များ၊ ဆေးဝါးများ၊ အဝတ်အထည်များ၊ အလှူငွေများ လှူဒါန်းပေးနိုင်ရေးကို သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ဆက်သွယ်၍ အလျင်မြန်ဆုံး ထိရောက်စွာ လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)