ရန်ကုန် ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မြို့နယ်ပညာရေးမှူးရုံးများနှင့် အခြေခံပညာစာစစ်ဌာနကျောင်းများတွင် ယနေ့နံနက်ပိုင်းမှစတင်၍ ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ၏ အမည်စာရင်းများကို တစ်ပြိုင်နက်တည်း ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်ခရိုင် ဗဟန်းမြို့နယ်တွင် ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးမှ ကျောင်းသား(၁၆၇)ဦး၊ ကျောင်းသူ(၁၈၀)ဦး စုစုပေါင်းကျောင်းသား၊ကျောင်းသူ (၃၄၇)ဦးစာရင်းရှိရာ၊ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၁၄၀)ဦး၊ ကျောင်းသူ(၁၆၄)ဦး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ(၃၀၄)ဦး ဖြေဆိုခဲ့ရာအောင်မြင်ခဲ့သည့် ကျောင်းသား(၇၈)ဦး၊ ကျောင်းသူ(၉၅)ဦး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ(၁၇၃)ဦး ဖြေဆိုအောင်မြင်ခဲ့ကြောင်းနှင့် အောင်ချက်ရာခိုင်နှုန်းအနေဖြင့် (၅၆.၉၁)ရာခိုင်နှုန်းရှိရာ
ခြောက်ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ ငါးဘာသာဂုဏ်ထူးရှင်(၃)ဦး၊ လေးဘာသာဂုဏ်ထူးရှင်(၁၀)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၁၀)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်(၆)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင်(၃၉)ဦး ပေါ်ထွက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဗဟန်းမြို့နယ်တွင် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာရာ၌ လာရောက်ကြည့်ရှုသူများအနေဖြင့် အခက်အခဲမရှိ အဆင်ပြေချောမွေ့စွာ ကြည့်ရှုနိုင်စေရေးအတွက်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ စာစစ်ဌာနအသီးသီးမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ ဆက်)