မိုင်းကိုင်မြို့နယ်၏ သမိုင်းဝင်ကျောင်းခမ်းရေကန် ပြန်လည်ဆယ်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး

မိုင်းကိုင် ဇွန် ၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ် မိဘပြည်သူများ၏ စိုက်ပျိုးရေနှင့်သောက်သုံးရေအတွက် အဓိကအားထားရသော သမိုင်းဝင်ရေကန်တစ်ကန်ဖြစ်သည့်  ကျောင်းခမ်းရေကန်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ကာ ပြန်လည်ဆယ်တင်ခြင်းလုပ်ငန်းကို  ၂၀၂၃ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့မှစတင်၍ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းခမ်းရေကန်အတွင်း  ရေများပိုမိုဝင်ရောက်နိုင်ရေးအတွက် ရေကန်ပတ်လည် အလျား ၅၃၃၀ ပေအတွက်နှုန်းနှင့် ရွံ့နွံများကို ပြန်လည်ဆယ်တင်ခြင်း၊ ကန်တာဘောင်ဖို့ခြင်း၊ ကန်ပတ်လမ်းချဲ့ခြင်း၊ ရေကန်၏ အရှေ့တောင်ထောင့်အရပ်ရှိ ရေကျော်ရေလျှံသည့် နေရာတွင် (၄၀’ × ၁’ ၆” × ၃’) ကန်ဘောင် ကျောက်ရိုးစီမြေထိန်းနံရံပြုလုပ်ခြင်း ၊ ရေကန်ပတ်လည် သန့်ရှင်းသာယာလှပရေး အမှိုက်များ၊ ချုံနွယ်များ၊ သစ်ပင်ကြီးများကို ထွန်စက်များဖြင့် ထိုးကော်ရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့တွင် ရာခိုင်နှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်သည်။

အဆိုပါလုပ်ငန်းများကို ရှမ်းပြည်နယ်အစိုးရ၏ ထောက်ပံ့ငွေ၊ ဆိုင်လီကုမ္ပဏီလီမိတက်၏ ကူညီပံ့ပိုးမှု၊ ပြည်သူလူထု၏ ထည့်ဝင်လှူဒါန်းငွေများဖြင့် ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှုတန်ဖိုး စုစုပေါင်းကျပ် ၂၇၀ သိန်းကျော်ကုန်ကျခဲ့ရာ ရေကန်ပြန်လည်ဆယ်တင်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ယနေ့မနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦး၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ချော(မိုင်းကိုင်)