တိုက်ကြီး အောက်တိုဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများထံသို့ အသိပညာပေးလှုပ်ရှားမှု Mask Campain ကို ယမန်နေ့ နံနက်ပိုင်းအချိန်က တိုက်ကြီး၊ ဥက္ကံ၊ အဖျောက်မြို့တို့တွင် တစ်ပြိုင်နက်တည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလှုပ်ရှားမှု Mask Campain ကို တိုင်းဒေသကြီးအမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဦးတင်ရှိန်၊ တိုင်းဒေသကြီးအမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးလွင်စိုးမင်း၊ မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဒေါ်အိအိခိုင်တို့ ဦးဆောင်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့် We Love Yangon(Taikkyi Township) အဖွဲ့တို့ ပူးပေါင်း၍ တိုက်ကြီး၊ ဥက္ကံ၊ အဖျောက် မြို့(၃)မြို့၌ လူစည်ကားရာ ဈေးနှင့် ဈေးပတ်ဝန်းကျင်တို့တွင် ဖြတ်သန်းသွားလာနေသူ ပြည်သူများအား ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများဖြစ်သည့် နေအိမ်မှ ပြင်ပသို့ ထွက်ခွာတိုင်း ပါးစပ်/နှာခေါင်းစည်း(Mask) စနစ်တကျ တပ်ဆင်သွားလာရေး၊ လက်ကို မကြာခဏ ဆပ်ပြာဖြင့် စနစ်တကျ ဆေးကြောရေးတို့ကို ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ ပါးစပ်/နှာခေါင်းစည်း များ၊ Face Shield များ အခမဲ့ဖြန့်ဝေခြင်း(Mask Campain)၊ လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ လက်အိတ်များ ဖြန့်ဝေပေးခြင်း စသည့် အသိပညာပေးလှုပ်ရှားမှု (Campain) တို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)