ဒဂုံအရှေ့ ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အတွင်း ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများထုတ်ပြန်ခြင်းကို ဇွန် ၉ ရက် နံနက် ၄ နာရီက မြို့နယ်ပညာရေးမှူးရုံးနှင့် အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနများ၌ အသီးသီးထုတ်ပြန်ထားရှိရာ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများက လာရောက်ကြည့်ရှုကြကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်း ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် စာရင်းရှိ(၆၇၄)ဦး၊ ဖြေဆိုပေါင်း(၅၈၂)ဦး ဖြေဆိုခဲ့ရာ အောင်မြင်သူ(၃၄၄)ဦးရှိပြီး (၅၉.၁)ရာခိုင်နှုန်း အောင်မြင်ခဲ့ရာဂုဏ်ထူးရရှိသူများတွင် ခြောက်ဘာသာဂုဏ်ထူးရှင်တစ်ဦး၊ ငါးဘာသာဂုဏ်ထူးရှင်နှစ်ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၉)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၂၄)ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင်(၄၉)ဦးရှိပြီး စုစုပေါင်းဂုဏ်ထူးရှင် (၈၅) ဦးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၃ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာရာ၌ လာရောက်ကြည့်ရှုသူများ အဆင်ပြေကြည့်ရှုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ စာစစ်ဌာနအသီးသီးမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ ဆက်)