မက်မန်း ဇွန် ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတကြွယ်ဝရေး၊ ဝိုင်းဖွဲ့ဆွေးနွေးအဖြေရှာတတ်သည့် အလေ့အကျင့်ကောင်းရရှိစေရေး၊ လူငယ်မောင်မယ်များ၏ အတွေးအခေါ်များ မှန်ကန်စွာ ယူဆတတ်စေရေးနှင့် ကျန်မာကြံ့ခိုင်စေရန်ရယ်ရွယ်၍ လူငယ်နှင့်ကျန်းမာရေးဆိုင်ရာ စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မက်မန်းမြို့ အခြေခံပညာ အထက်တန်းကျောင်း တွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာချို (လက်ထောက်ညွှန်ကြားရေးမှူး)က လူငယ်နှင့်ကျန်းမာရေးဆိုင်ရာ စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မောင်ယေရမိ (Grade -11) က ဦးဆောင်၍ လူငယ်နှင့်ကျန်းမာရေးဆိုင်ရာ စကားဝိုင်းအား ဆွေးနွေးရာတွင် လူငယ်များအနေဖြင့် ကျန်းမာနေစေရန် တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ကျန်းမာခြင်းဖြင့် စာသင်ကြားရာတွင် ပျော်ရွှင်စွာသင်ကြားနိုင်ပါကြောင်း၊ မိသားစုအတွင်း စိတ်ချမ်းသာမှုရရှိခြင်း၊ ပျော်ရွှင်မှုကိုရရှိစေခြင်း၊ မိမိနှင့်မိမိပတ်ဝန်းကျင်တွင် ကျန်းမာသော လူ့အသိုက်အဝန်းကို ဖန်တီးနိုင်ခြင်း၊ ကျန်းမာခြင်းကြောင့် မိမိလုပ်လိုသော လုပ်ငန်းများကို ဆောင်ရွက်နိုင်ကြောင်း ဆွေးနွေးသည်။
ဆက်လက်၍ မနာခါးဘို (Grade -11) က ဆွေးနွေးရာတွင် ကျန်းမာသော လူငယ်များဖြစ်လာစေရန် ကိုယ်လက်လှုပ်ရှား အားကစားများ ဆောင်ရွက်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းများကို ရှောင်ကြဉ်ခြင်း၊ အဟာရဖြစ်စေသော အစားအသောက်များကို စားသောက်သင့်ကြောင်း ဆွေးနွေးသည်။ မရှဲစာမွှေး (Grade-11)က ဆွေးနွေးရာတွင် ဆေးလိပ်သောက်ခြင်းဖြင့် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နိုင်ပါကြောင်း၊ သောက်သုံးသူသာမက မိမိပတ်ဝန်းကျင် ရှိသူများ ကိုလည်း ထိခိုက်နိုင်ပါကြောင်း၊ ပညာသင်ကြားနေသော စာသင်ကျောင်းများကို ဆေးလိပ်ကင်းစင်နယ်မြေအဖြစ်ပြဌာန်း ထားပါကြောင်း ဆွေးနွေးခဲ့သည်။ မဒီမေလ (Grade-11)က ဆွေးနွေးရာတွင် လူငယ်များအနေဖြင့် စိတ်ကျန်းမာနေစေရန်လည်း လိုအပ်ပါကြောင်း၊ စိတ်ကျန်းမာနေစေရန် စာများများ ဖတ်ရှုသင့်ပါကြောင်း၊ စာဖတ်ခြင်းဖြင့် စိတ်ခွန်အားကို ဖြစ်စေပါကြောင်း၊ စိတ်ကျန်းမာကိုယ်ကျန်းမာ၍ အနာဂတ်တွင် ထွန်းလင်းတောက်ပသော ကြယ်ပွင့်များ ဖြစ်စေရန် ဆုတောင်းပါကြောင်း ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)