မရမ်းကုန်းမြို့နယ် စျေးများအတွင်း ဖွင့်လှစ်ရောင်းချနေသည့် စျေးသည်များအား ကျန်းမာရေးနှင့်အညီ ရောင်းချစေရေး တာဝန်ရှိသူများမှ လိုက်လံအသိပေးနှိုးဆော်

မရမ်းကုန်း အောက်တိုဘာ ၈


ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချနေသည့် စျေးသည် များအား ကျန်းမာရေးနှင့်အညီ ရောင်းချစေရေး တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက လိုက်လံအသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါဖွင့်လှစ်ရောင်းချနေသည့် မြဂန္ဓမာစျေး၊ သမိုင်းဘူတာစျေး၊ မြစပယ်စျေးနှင့် ဂန္ဓမာအခွန်လွတ် စျေးများသို့ မြို့တော်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်(၁၁) ဦးမင်းဟန်၊ ကော်မတီဝင်(၈) ဦးသူရအောင်နှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင် များ၊ စျေးများဌာနမှ တာဝန်ရှိသူများ၊ We love Mayangon ပရဟိတ အဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီအဖွဲ့တို့ ပူးပေါင်းကာ စျေးများအတွင်း သား၊ ငါး၊ ကုန်းစိမ်း ရောင်းချနေသည့် စျေးသည်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ရောင်းချစေရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အေးအေးအောင် (ပြန်/ဆက်)