မြစ်ကြီးနား အောက်တိုဘာ ၈
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်အတွင်းရှိ ဆေးရုံများမှ ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ကုသရေးဌာန သို့ ဒုတိယအသုတ်ဖြစ် သူနာပြုဆရာ/ ဆရာမ(၂၁)ဦးတို့က သွားရောက်အားဖြည့် တာဝန်ထမ်းဆောင် ကြမည်ဖြစ်ရာ ယနေ့ မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့မှ မော်တော်ယာဉ်ဖြင့် ထွက်ခွာသွားကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးသို့ သွားရောက်အားဖြည့်တာဝန်ထမ်းဆောင်ကြမည့် သူနာပြုဆရာ/ ဆရာမ (၂၁)ဦးတို့သည် မြစ်ကြီးနားပြည်သူ့ဆေးရုံဝင်းမှ တစ်ဆင့်မော်တော်ယာဉ်ဖြင့် ထွက်ခွာမည် ဖြစ်ရာ ပြည်နယ်လူမှုရေးဝန်ကြီး ဦးနေဝင်းက ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ငွေကျပ် (၁၀) သိန်း (၅)သောင်းနှင့် ပြည်နယ်ပြည်သူ့ ကျန်းမာ/ ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးသိန်းက ငွေကျပ် (၂၁၀၀၀၀)ကို ထောက်ပံ့ ပေးအပ်ခဲ့ကြပြီး သူနာပြုဆရာ/ဆရာမများအား ပြည်နယ်ဝန်ကြီး၊ ပြည်နယ်ပြည်သူ့ကျန်းမာ/ ကုသရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီး ဒေါက်တာတင်လှနှင့် တာဝန်ရှိသူများက အားပေး နှုတ်ဆက်ခဲ့ကြသည်။
အဆိုပါ ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ကုသရေးဌာနသို့ သွားရောက် အားဖြည့်တာဝန် ထမ်းဆောင်ပေးကြမည့် သူနာပြု ဆရာ/ဆရာမများမှာ မြစ်ကြီးနားပြည်သူ့ဆေးရုံမှ (၇)ဦး၊ မြစ်ကြီး နားမူးယစ်ဆေးစွဲရောဂါကုဆေးရုံမှ (၁)ဦး၊ တနိုင်းမြို့နယ် ပြည်သူ့ဆေးရုံမှ (၁)ဦး၊ ဝိုင်းမော်မြို့နယ် ဆဒုံးတိုက်နယ်ဆေးရုံမှ (၂)ဦး၊ ဗန်းမော်ပြည်သူ့ဆေးရုံမှ (၁၀)ဦး စုစုပေါင်း (၁၁)ဦးတို့က သွားရောက်ကူညီအားဖြည့် တာဝန်ထမ်းဆောင်ပေးကြမည်ဖြစ်ကြောင်း သိရသည်။
မျိုးမြင့်စိုး(ပြန်/ဆက်)