ကျိုင်းတုံ ဇွန် ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းများကို ကျိုင်းတုံမြို့ရှိ သက်ဆိုင်ရာစာစစ်ဌာနများနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ယနေ့နံနက်ပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။
ကျိုင်းတုံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အမှတ်(၂)နှင့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတို့၌ စာစစ်ဌာနဖွင့်လှစ်ခဲ့ပြီး အဆိုပါစာစစ်ဌာနများ၌ ဝင်ရောက်ဖြေဆိုခဲ့သော တက္ကသိုလ်ဝင်တန်းကျောင်းသား၊ ကျောင်းသူများ၏ အောင်စာရင်းများကို သက်ဆိုင်ကျောင်းများ၏ ကြော်ငြာသင်ပုန်းတို့၌ ထုတ်ပြန်ကြေညာခဲ့ရာ ကျောင်းတွင်းဝင်ရောက်ဖြေဆိုသူ ၄၆ ဦးနှင့် ပြင်ပဖြေဆိုသူ ၆၀၂ ဦး စုစုပေါင်း ၆၄၈ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ကျောင်းတွင်းဖြေဆိုအောင်မြင်သူ ၃၈ ဦးနှင့် ပြင်ပဖြေဆိုအောင်မြင်သူ ၃၈၀ဦး စုစုပေါင်း ၄၁၈ ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်ရာခိုင်နှုန်း ၄၀.၉ရှိခဲ့ရာ ယခု ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ ၆၃.၁၂ ရှိသဖြင့် အောင်ချက်ရာခိုင်နှုန်း ၂၂.၁၅ အထိတိုးတက်မှုရှိကြောင်း သိရသည်။
စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)