မိုင်းခုတ် ဇွန် ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ၂၀၂၃ ခုနှစ်၊ မိုးရာသီကာလအတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ အခမဲ့ ရယူစိုက်ပျိုးနိုင်ရန် ရည်ရွယ်၍ မြို့သစ်တောဦးစီးဌာနက ပျိုးပင်ပေါင်း (၅၈၀၀) ပျိုးထောင်ထားကြောင်း သိရသည်။
သစ်ပင်များစိုက်ပျိုးခြင်းဖြင့် မြေဆီမြေဩဇာတိုးပွားစေပြီး အပူချိန်ထိန်းညှိပေးနိုင်ခြင်း၊ ရေလွှမ်းမိုးခြင်းကို ထိန်းသိမ်းပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်ရေး ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးရန်အတွက် ကျွန်း(၁၂၅၀)ပင်၊ ပျဥ်းကတိုး(၃၀၀)ပင်၊ ပန်းတောက် (၂၀၀)ပင်၊ ထင်းရှူး (၅၀၀)ပင်၊ မယ်ဇလီ (၃၂၅၀)ပင်နှင့် စိန်ပန်းနီ(၃၀၀)ပင် စုစုပေါင်းပျိုးပင်(၅၈၀၀)ပင်အား သစ်တောဦးစီးဌာန ပျိုးဥယျာဉ်တွင် ပျိုးထောင်ထားကြောင်း မြို့သစ်တောဦးစီးဌာန၊ တောအုပ် ဦးအောင်နိုင်ဦးထံမှ သိရသည်။
အဆိုပါပျိုးပင်များအား တပ်ရင်းတပ်ဖွဲများ၊ ဌာနဆိုင်ရာများ၊ စာသင်ကျောင်းများနှင့် ဒေသခံပြည်သူများသို့ စုစုပေါင်းပျိုးပင် (၁၀၀၀)ကျော် အခမဲ့ဖြန့်ဝေပေးခဲ့ပြီးဖြစ်ပြီး မိုးရာသီကာလအတွင်း သစ်ပင်စိုက်ပျိုးရန် ပျိုးပင်များ လိုအပ်သူများအနေဖြင့် အမှတ်(၂)ရပ်ကွက် (ဝမ်ဝိန်း)ရှိ မြို့သစ်တောဦးစီးဌာနတွင် အခမဲ့ သွားရောက် ထုတ်ယူနိုင်ကြောင်း သိရသည်။
သီတာအေး(ပြန်/ဆက်)