မူဆယ် ဇွန် ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် လစဉ်လတိုင်း မွေးကင်းစမှ (၁)နှစ်ခွဲအရွယ်ထိကလေးသူများကို ကာကွယ်ဆေးထိုး၊ဆေးတိုက်ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များကိုလည်း ကာကွယ်ဆေးထိုးခြင်း၊ ကိုယ်ဝန်ဆောင်ကာလအတွင်း လိုအပ်သော အထွေထွေကျန်းမာရေး စောင့်ရှောက်မှုများကို လစဉ်လတိုင်း စဉ်ဆက်မပျက် ဆောင်ရွက်ပေးလျက်ရှိသည်။
မူဆယ်မြို့၊ ပြည်သူ့ဆေးရုံကြီးရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ အမျိုးသမီးကျန်းမာရေး ဆရာမကြီး ဒေါ်နော်ဘလဲဇင်းက ဦးဆောင်၍ မွေးကင်းစ ကလေးသူငယ်များကို အသဲရောင်အသားဝါနှင့် ဘီစီဂျီကာကွယ်ဆေး၊ အသက်(၂)လအရွယ်တွင် ယခင်ကာကွယ်ဆေးများအပြင် ငါးမျိုးစပ်ကာကွယ်ဆေးနှင့် အသက်(၄)လမှ (၁)နှစ်ခွဲထိ ကလေးသူငယ်များကိုလည်း ဝက်သက်-ဂျိုက်သိုးနှင့် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးတို့ကို အသက်အရွယ် အပိုင်းအခြား အလိုက် တိုးမြှင့်ထိုးနှံ ပေးလျက်ရှိပါသည်။
ကလေးသူငယ်များကို ကာကွယ်ဆေးထိုးနှံပေးရာတွင် တစ်ကြိမ်နှင့်တစ်ကြိမ်ကြားတွင် (၂၈)ရက်ခြားထိုးနှံကာ မထိုးနှံမှီ အပူချိန်တိုင်းတာခြင်းနှင့်လိုအပ်သော ကျန်းမာရေးစမ်းသပ်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်များကိုလည်း ကိုယ်ဝန်(၄)လအရွယ်မှ စတင် စစ်ဆေးဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို လစဉ်လတိုင်း ဆောင်ရွက်လျက်ရှိရာ ယခု ဇွန်လအတွင်း (၈)ရက်နေ့အထိ ကလေးသူငယ် စုစုပေါင်း(၁၂၅)ယောက် ထိုးနှံပေးလျက်ရှိပါသည်။ မူဆယ်မြို့၊ ပြည်သူ့ဆေးရုံကြီး၊ မိခင်နှင့်ကလေးကျန်းမားရေးဌာန၌ လစဉ်လတိုင်း ရက်သတ္တပတ်၏ တနင်္လာနှင့်ဗုဒ္ဒဟူးနေ့အား ကိုယ်ဝန်ဆောင်မိခင်များကို စစ်ဆေးပေးခြင်းဖြစ်ပြီး အင်္ဂါ၊ ကြာသပတေးနှင့်သောကြာနေ့တို့အား ကလေးသူငယ်များကို ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
မူဆယ်ခရိုင်(ပြန်/ဆက်)