မိုင်းစံမြို့ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ မဲဆန္ဒရှင် စာရင်းများ ဒုတိယအကြိမ် ထုတ်ပြန်ကြေညာထားခြင်းအား လိုက်လံစစ်ဆေး

မိုင်းစံ      အောက်တိုဘာ     ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်များစာရင်း ဒုတိယအကြိမ် ကြေညာခြင်းကို ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာလ(၆)ရက်နေ့ နံနက်ပိုင်းမှစ၍   ထုတ်ပြန်ကြေညာထားခြင်းအား ယနေ့ နံနက် (၁၁)နာရီအချိန်က မိုင်းရှူးမြို့နယ်၊ မြို့နယ် ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းဝင်းနှင့်အဖွဲ့ဝင်များ၊ မိုင်းစံမြို့အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းနှင့် ရပ်/ ကျေး စာရေးတို့က လိုက်လံစစ်ဆေးခဲ့ ကြောင်းသိရသည်။

အဆိုပါ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ (၆)ရက် ဒုတိယအကြိမ်အဖြစ် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် ကြေညာကပ်ထားပြီး ဆန္ဒမဲစာရင်းတွင် မိမိအမည် မပါဝင်ပါက ပုံစံ(၃)ဖြင့် အမည် ထည့်သွင်းရန်တောင်းဆိုခြင်း၊ အခြားဒေသမှ လာရောက်နေထိုင်သူများ ဖြစ်ပါက ပုံစံ-၃(က)ဖြင့် လျှောက်ထားခြင်း ၊ မဲစာရင်းတွင် မပါဝင် သင့်သူများ ပါဝင် နေပါက ပုံစံ(၄)ဖြင့်ကန့်ကွက်ခြင်း ၊ မဲစာရင်းပါ အချက်အလက် မှားယွင်းနေပါကပုံစံ-၄ (ဂ) ဖြင့် ပြင်ဆင်လွှာ တင်သွင်း ခြင်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည်စီစစ်၍ ဆောင်ရွက် သွားမည် ဖြစ်ပြီး အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် မဲစာရင်းများ လာရောက်ကြည့်ရှုကြရန် နှိုးဆော်ထားကြောင်းလည်း သိရှိရသည်။

ခင်ချို( ပြန် /ဆက် )