တာမိုးညဲ ဇွန် ၉
ကျန်းမာရေးဆေးရုံကြီးများသန့်ရှင်း၍ ပိုးမွှားကင်းစင်မှသာ ရောဂါပြန်ပွားမှုများနှင့်ပတ်ဝန်းကျင် မသန့်ရှင်းမှုမှ ကူးစက်တတ်သော ရောဂါများကို ကာကွယ်နိုင်မည်ဖြစ်သည့်အလျောက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ တာမိုးညဲမြို့ရှိ မြို့ကျန်းမာရေးဆေးရုံကြီးအား ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာများစုပေါင်း၍ ယနေ့နံနက်(၈း၃၀)အချိန်က သန့်ရှင်းရေး စုပေါင်းဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ရာတွင် တာမိုးညဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဌေးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ တာမိုးညဲဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများစုပေါင်း ၍ ဆေးရုံကြီးအတွင်း စွန့်ပစ်အမှိုက်ဟောင်းများနှင့် ကျန်းမာရေးသုံးစွန့်ပစ်ပစ္စည်းများကို ရှင်းလင်းခြင်း၊ သစ်ပင်/ချုံနွယ်များ ခုတ်ထွင်ဖယ်ရှားခြင်း၊ ရေဆိုးမြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် ပြန်လည်တူးဖော်ပြုပြင်ခြင်းနှင့် ရှင်းလင်းဆောင်ရွက်ပြီးသော အမှိုက်များကိုမီးရှို့ခြင်းများ စုပေါင်းတက်ညီလက်ညီ ဆောင်ရွက်ခဲ့ကြပါသည်။ သို့မှသာ မိုးရာသီအတွင်း ခြင်များမပေါက်ဖွားနိုင်ပြီး ကျန်းမာသန့်ရှင်းသော မြို့ဆေးရုံကြီးအနေဖြင့် ဒေသခံပြည်သူများ စိတ်ချမ်းမြေ့စွာ လာရောက်ဆေးကုသမှုခံယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
ခွန်မိုင်(တာမိုးညဲ)