မိုးနဲမြို့နယ်၌ မိုဘိုင်း Library စနစ်ဖြင့် စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်း

မိုးနဲ ဇွန် ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အစီအစဥ်ဖြင့် ယနေ့နံနက် ၉ နာရီခွဲအချိန်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မြို့နယ် ရဲစခန်းမှူးရုံးသို့ စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေ၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက ပူးပေါင်းကာ အားလတ်သောအချိန်ကို စာအုပ်စာစောင်ဖတ်ရှုခြင်းဖြင့် ကုန်ဆုံးစေရန်၊ စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်သူများအနေဖြင့်လည်း အလွယ်တကူ ငှားရမ်းဖတ်ရှုလေ့လာနိုင်စေရန်၊ စာအုပ်စာစောင် ဖတ်ရှုလိုက်ခြင်းကြောင့် အသိပညာဗဟုသုတ ရရှိစေရန်၊ ဆုံးဖြတ်ချက်ကောင်းများ ချမှတ်နိုင်စေရန်၊ စာကြည့်တိုက်လုပ်ငန်း ပိုမိုတွင်ကျယ်လာစေရန်နှင့် ဖုန်းအသုံးပြုမည့်အစား စာအုပ်စာပေ ဖတ်ရှုသူဦးရေ တိုးပွားလာစေရန် ရည်ရွယ်၍ သုတ/ရသ စာအုပ်များကို ကွင်းဆင်းငှားရမ်း ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စာအုပ်စာစောင်များအား မိုဘိုင်း Library စနစ်ဖြင့် ကွင်းဆင်းငှားရမ်းခြင်းကို အပတ်စဥ် သောကြာနေ့တိုင်း အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာ ရုံးများထံသို့ ကွင်းဆင်းငှားရမ်း ပေးလျက်ရှိကြောင်း စာကြည့်တိုက်တာဝန်ခံထံမှ သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)