သီပေါမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ပြုလုပ်

သီပေါ ဇွန် ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက်(၉)နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းသိင်္ဂီစိုးက အသိပညာပေးဆွေးနွေးပွဲ(Talk Show)များပြုလုပ်ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်စန်းစန်းသွယ်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများအကြောင်း၊ နိုင်ငံတော်ကဆောင်ရွက်ပေးနေသော ကလေးသူငယ်ပြုစုစောင့်ရှောက်ကာကွယ်ရေးလုပ်ငန်းများအကြောင်း၊ ကလေးသူငယ်များအခွင့်အရေးနှင့်ပတ်သက်၍ ဆက်သွယ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအကြောင်းနှင့် ကလေးသူငယ်၏ အကောင်းဆုံး အကျိုးစီးပွားကိုဖြစ်ထွန်းစေသော၊ ခွဲခြားဆက်ဆံမှုမရှိစေသော၊ အသက်ရှင်သန်ခွင့်နှင့် ကလေး၏ထင်မြင်ယူဆချက်ကို အလေးထားဆောင်ရွက်ရမည့်အကြောင်းများနှင့်ပတ်သက်၍အသေးစိတ် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအသိပညာဗဟုသုတရရှိစေရန်   သက်ဆိုင်ရာကဏ္ဍများအလိုက် အသိပညာပေးဆွေးနွေးပွဲ(Talk Show)များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ လစဉ်ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါအသိပညာပေးဆွေးနွေးပွဲ(Talk Show)များကို သီပေါမြို့နယ်ရုံးမှ ဖွင့်လှစ်ထားသော We Love Hsipaw Facebook Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ ပြန်/ဆက်)