မြစ်ကြီးနား ဇွန် ၉
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအတွင်းရှိ မှန်ပြတောင်ပေါ်တွင် မိုင်းနားဆရာတော်ဦးစီး၍ ဒေသခံအလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် မြန်မာသက္ကရာဇ် ၁၃၂၀ ခုနှစ်တွင် တည်ထားကိုးကွယ်တော်မူခဲ့သော ဉာဏ်တော်အမြင့် ၉ တောင်ရှိ ကာစမဏိသေလာမှန်ပြတောင် စေတီတော် အား ဉာဏ်တော်မြှင့်တင်၍ ဘက်စုံပြုပြင်မွမ်းမံတည်ထားကိုးကွယ်နိုင်ရေး အလှူငွေများ လှူဒါန်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲက မြစ်ကြီးနားမြို့ အံတော်ရှင်စေတီတော် ဝင်းအတွင်းရှိ မဟာသာသနာ့ဗိမ္မာန်တော်၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြစ်ကြီးနားမြို့ ဝန်းသိုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော ဆရာတော်သံဃာတော်များထံမှ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကို မောင်နှင့် တပ်မတော် အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ငါးပါးသီလခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များ နာယူကြ သည်။
ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးက မှန်ပြတောင်စေတီတော် ဉာဏ်တော်မြှင့်တင်ဘက်စုံပြုပြင်ရေးနှင့် ပတ်သက်၍ သာသာရေးဆိုင်ရာ များကို လျှောက်ထားတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက ဆရာတော်/သံဃာတော်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူကြသည်။
ထို့နောက် မှန်ပြတောင်ပေါ်ရှိ ကာစမဏိသေလာမှန်ပြတောင်စေတီတော်အား မူလဉာဏ်တော် အမြင့် ၉ တောင်ခန့်မှ ဉာဏ်တော် ၅၄ ပေအမြင့်ထိ မြှင့်တင်၍ ဘက်စုံပြုပြင်မွမ်းမံတည်ထား ကိုးကွယ်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ် ဝန်ကြီးများနှင့် အလှူ့ရှင်များက အလှူငွေကျပ် စုစုပေါင်း ၁၆၇၂၄၈၀၀၀ နှင့် ဘိလပ်မြေအိတ် ၁၀၈၀ အိတ်ကို အသီးသီးပေးအပ်လှူဒါန်းရာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ ခဲကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားပညာရေး ဒီဂရီကောလိပ်ကျောင်း၊ အားကစားခန်းမ၌ ကျင်းပပြုလုပ်သည့် လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ်ပညာသင်တန်း PPTT (၉/၂၃) မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ပညာရေးသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော လုပ်ငန်းစဉ်တစ်ခုဖြစ်သလို အနာဂတ် ရင်းနှီးမြှုပ်နှံမှုလည်း ဖြစ်ပါကြောင်း၊ အခြေခံပညာရေး၏ အဓိကရည်မှန်းချက်ဖြစ်သော နိုင်ငံ့သားကောင်းများ ဖြစ်လာစေရေးအတွက် လေ့ကျင့်ပြုစု ပျိုးထောင် ပေးရမည့် တာဝန်ကိုထမ်းဆောင်ကြရမည့် ဆရာ၊ ဆရာမများသည် ပညာရေးနှင့် ဆိုင်သော အသိပညာ၊ အတတ်ပညာများကို အစဉ်မပြတ် လေ့လာဆည်းပူး ရမှာဖြစ်ပါကြောင်း၊ သို့မှသာ ယနေ့ခေတ်နှင့် လိုက်လျောညီထွေမှုရှိသည့် လူသားအရင်းအမြစ်များကို ပြုစု ပျိုးထောင်ပေးနိုင် မည်ဖြစ်ပြီး နာခံတတ်သည့် အဆင့်၌သာ ကျေနပ်ခြင်းထက် တက်ကြွဆွေးနွေး တတ်သော ကလေးများဖြစ်လာအောင် ပျိုးထောင်ပေးရမည်ဖြစ်သည့်အတွက် စံပြဆရာများ ဖြစ်စေရေး ကြိုးစားသင်ယူ ကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ပညာရေးကောလိပ်မှ ကျောင်းအုပ်ဆရာမ ဒေါ်ဥမ္မာမြင့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်း များကို ရှင်းလင်းပြေကြားပြီး သင်တန်းသူလေးများ၏ ထာဝရသစ္စာ တေးသီချင်းဖြင့် ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က PPTT သင်တန်းအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယနေ့ နံနက် ၇ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အရာထမ်း/ အမှုထမ်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များက မြစ်ကြီးနားမြို့ ဆွမ်ပရာဘွမ်လမ်းမှ ဗလမင်းထင်တံတားအထိ (စက်မှုရပ်ကွက်)အတွင်း လမ်းဘေးဝဲ/ယာ ပလတ်စတစ်အမှိုက်များ ကောက်ယူစွန့်ပစ်ခြင်း၊ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်နေမှုများ ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)