မိုင်းယောင်း ဇွန် ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဒရင်ကောက်ညွှန့် ဝယ်ယူစားသုံးသူများပြားပြီး ရောင်းအားကောင်းသဖြင့် ကုန်းတွင်းပိုင်းတွင် ပေါက်ရောက်သည့် ဒရင်ကောက်ညွှန့်ရှာဖွေရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိကာ ဝမ်းသာပျော်ရွှင်နေကြကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူအချို့သည် သဘာဝတောတောင်များတွင် ရာသီအလိုက်ပေါက်ရောက်သော ဟင်းသီးဟင်းရွက်များကို ရှာဖွေရောင်းချပြီး မိသားစုအပိုဝင်ငွေရရှိစေရေးအတွက် အဓိကထားလုပ်ကိုင်စားသောက်ကြသည်။ ဒရင်ကောက်ညွှန့်ကို ကဆုန်လတွင် စတင်ပေါက်ရောက်ပြီး နယုန်လ၊ ဝါဆိုလတို့တွင် အများဆုံးပေါက်ရောက်ကြကြောင်း သိရသည်။
“ကျွန်တော်တို့ တောင်သူတွေဟာ မိသားစုအပိုဝင်ငွေရရှိစေရေးနဲ့မီးဖိုချောင်အသုံးစရိတ်ကို ကာမိအောင် ဒရင်ကောက်ညွှန့်ကို ရှာဖွေရောင်းချကြတာပါ။ ဒရင်ကောက်ညွှန့်ပေါ်ချိန်မှာ တစ်စည်းလျှင် ငွေကျပ် ၁၀၀၀ ရောင်းရပါတယ်။ နှစ်စည်း ၁၅၀၀ ကျပ် ရောင်းချပါတယ်။ တချို့လည်း ရွာအထိလာရောက်ဝယ်ယူတာတွေလဲ ရှိပါတယ်”ဟု တောင်သူတစ်ဦးက ပြောပြသည်။
တောင်ယာ၊ တောက်ကုန်းပေါ်တွင် အများဆုံးပေါက်ရောက်လေ့ရှိသော ဒရင်ကောက်ဟင်းရွက်ညွှန့်ကို ဟင်းရည်၊ တို့စရာအဖြစ်လည်းကောင်း၊ ကြက်ဥ၊ ဘဲဥ၊ ဆူးပုပ်ရွက်၊ ချောင်းငါးများနှင့် ရောချက်၍လည်းကောင်း မိမိကြိုက်နှစ်သက်သလို အမျိုးမျိုးအလွယ်တကူ ချက်ပြုတ်ပြုလုပ်စားသုံးနိုင်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း