၂၀၂၃ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၁၈ နှစ်အောက်(အမျိုးသား) ဘောလုံး ပြိုင်ပွဲဝင်အသင်းများနှင့် မိတ်ဆုံလက်ဖက်ရည်ပွဲ အခမ်းအနားကျင်းပ

ချမ်းအေးသာစံ       ဇွန်    ၈

၂၀၂၃ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၁၈ နှစ်အောက်(အမျိုးသား) ဘောလုံး ပြိုင်ပွဲဝင် အသင်းများနှင့် မိတ်ဆုံလက်ဖက်ရည်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြား၊ ၇၁ လမ်းရှိ မြို့တော်ခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် ပြိုင်ပွဲဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသင်းများက တစ်သင်းချင်း မိတ်ဆက်ကြပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားသည်။ ၎င်းနောက် ၂၀၂၃ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၁၈ နှစ်အောက်(အမျိုးသား) ဘောလုံး ပြိုင်ပွဲဝင်အသင်း ၁၅ သင်းအတွက် ထောက်ပံ့ချီးမြှင့်ငွေ သိန်း ၁၀၀ ကျပ်နှင့် ဘောလုံးအဖွဲ့ချုပ်နှင့် ပြိုင်ပွဲဝင်အသင်းများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ရာ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်မိုးဝင်းနှင့် တာဝန်ရှိသူများမှ လက်ခံရယူခဲ့သည်။

ထို့နောက် တက်ရောက်လာကြသူမျာအား မိတ်ဆုံလက်ဖက်ရည်ပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ဝန်ကြီးချုပ်မှ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ စည်ပင်သာယာရေးဝန်ကြီးဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်စိန်လွင်၊ လူမှုရေးဝန်ကြီး ဦးအောင်မင်း၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွမ်၊ ဥပဒေချုပ် ဦးမြင့်အောင်၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမြင့်လွင်၊ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှူး ဦးကျော်မင်းသန်း၊ အားကစားနှင့် ကာယပညာသိပ္ပံ(မန္တလေး)ကျောင်းအုပ်ကြီး ဦးနိုင်လင်းအောင် တို့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဘောလုံးဆပ်ကော်မတီများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထိပ်ထားနိုင်