မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း-သူနာပြုသင်တန်းကျောင်း(မော်လမြိုင်) အပတ်စဉ်(၄၇)၏ အမျိုးသားကုတ်အင်္ကျီနှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားသို့တက်ရောက်

မော်လမြိုင် ဇွန် ၈

မွန်ပြည်နယ် သူနာပြုသင်တန်းကျောင်း(မော်လမြိုင်)အပတ်စဉ်(၄၇)၏ အမျိုးသားကုတ်အင်္ကျီနှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားကို ဇွန်လ ၈ ရက်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊  မော်လမြိုင် သူနာပြုသင်တန်းကျောင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သူနာပြုဆရာမကြီးငယ်များ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ကျန်းမာရေးစောင့်ရှောက်မှုကို ပုခုံးပြောင်း တာဝန်ယူကြမည့် မျိုးဆက်သစ်သူနာပြု သင်တန်းသား/သူ(၄၄)ဦးကို သူနာပြုအမှတ်အသား ဖြစ်သည့် ဦးဆောင်း/ဝတ်စုံအပ်နှင်းသောနေ့ဖြစ်တဲ့အတွက် သင်တန်းကျောင်း၏ မင်္ဂလာရှိတဲ့ အခမ်းအနားတစ်ခုဖြစ်ပါကြောင်း၊ ၂၀၂၃ ၏ခုနှစ်၊ ဇန်နဝါရီလမှာ သင်တန်းစတင်တက်ရောက် ခဲ့တဲ့ သင်တန်းသား/သူ(၄၄)ဦးလုံးဟာ သူနာပြုသင်တန်းကျောင်း၊ မော်လမြိုင် ပညာရေးအဖွဲ့က စစ်မေးခဲ့တဲ့ Semenster 1 Exam မှာ စာတွေ့/လက်တွေ့တွင် အရည်အချင်းပြည့်မီစွာ အောင်မြင်ခဲ့သည့်အတွက် သူနာပြုတစ်ဦးရဲ့ အဆောင်အယောင်ဖြစ်တဲ့ ဦးဆောင်းနဲ့ Coat ကို ဝတ်ဆင်ခွင့်ရမှာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် ဖြစ်အောင်၊ ကြိုးပမ်းဆောင်ရွက်နေသည်မှာ နိုင်ငံတော်ရဲ့ကျန်းမာရေးကဏ္ဍ လည်းအပါအဝင် ဖြစ်ပါကြောင်း၊ သင်တန်းသား/သူများကလည်း သင်တန်းကျောင်းမှ ပေါင်းစပ်ညှိနှိုင်းသင်ကြား ပေးတဲ့ ပညာရပ်များကို ကြိုးစားလေ့လာသင်ယူကြပြီး သင်တန်းကာလပြီးဆုံးတဲ့ကာလမှာ နိုင်ငံနဲ့လူမျိုးကို အကျိုးပြုတဲ့ သူနာပြုသားဖွားကောင်းများဖြစ်အောင် ကြိုးစားကြရန် သူနာပြု ပညာသင်ကြားရေးကဏ္ဍများ စဉ်ဆက်မပြတ် တိုးတက်နေတဲ့ ပညာရေးလမ်းကြောင်းကို ခေတ်နှင့်အညီ ရင်ဘောင်တန်းပြီး နိုင်ငံတော်ကချီးမြှင့် လမ်းဖွင့်ပေးထားတဲ့ ခေတ်မှီ သူနာပြု ပညာရေးသိပ္ပံဘွဲ့၊ မဟာဘွဲ့၊ ပါရဂူဘွဲ့ များကိုလည်း ဆက်လက် ဆည်းပူးသွားကြရန် နိုင်ငံတော်ရဲ့ ကျန်းမာရေးကဏ္ဍကို တစ်ဖက်တစ်လမ်းမှ မြှင့်တင်ပေးမယ့် သူနာပြု သင်တန်းသား/ သင်တန်းသူများသည် သင်တန်းပြီးဆုံးလို့ နိုင်ငံတာဝန် ထမ်းဆောင်ကြတဲ့အခါ ပေးအပ်တဲ့ တာဝန်များကို စေတနာအရင်းခံထားပြီး ပြည်သူတွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်ပြုစုပေးတဲ့အခါ မိမိရဲ့သွေးသားရင်းချာသဖွယ် ပြုစုစောင့်ရှောက်ကြဖို့လည်း တိုက်တွန်းမှာကြားသည်။

ထို့နောက် သူနာပြုသင်တန်းကျောင်း(မော်လမြိုင်) ကျောင်းအုပ်ကြီး ဒေါ်ညွန့်ညွန့်ဟန်မှ ကျေးဇူးတင်စကားပြောကြားပြီး၊ အပတ်စဉ်(၄၇)သူနာပြု ဒီပလိုမာသင်တန်းသား/သူများအား တာဝန်ရှိသူများက အမျိုးသားကုတ် အင်္ကျီနှင့်သူနာပြုဦးဆောင်း ချီးမြှင့်အပ်နှင်းသည်။ ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်တို့က ဆုများရရှိကြသော သင်တန်းသား/သူများအား ဆုများအသီးသီးချီးမြှင့်သည်။

ဆက်လက်၍ အမျိုးသားကုတ်အင်္ကျီနှင့် ဦးဆောင်းချီးမြှင့်အပ်နှင်းခြင်းခံရသည့် သင်တန်းသား/သူ များက သူနာပြုကျင့်ဝတ်ရွတ်ဆို၍ သင်တန်းသား/သူများက “ဂရုဏာအလင်း” သီချင်းဖြင့် သီဆိုဖျော်ဖြေနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက ကြည်ရှုအားပေး၍  သင်တန်းသား/သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)