နောင်တရား အောက်တိုဘာ ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ် ကျေးရွာအုပ်စု၊ တီကျစ်ကျေးရွာ၌ နောင်တရားမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် ထောက်ပံ့မှုအရ ဆောင်ရွက်ထားသော မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း၌ ရောဂါပိုးမွှားများ ကျရောက်မှုရှိမရှိနှင့် မျိုးစေ့ထုတ်စိုက်ခင်း စံချိန်စံညွှန်း ပြည့်မီခြင်း ရှိမရှိကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ ပြည်နယ် ဦးစီးမှူးရုံး မျိုးစေ့ဌာနခွဲနှင့် သီးနှံကာကွယ်ရေးဌာနခွဲတို့မှ တာဝန်ခံများက ကွင်းဆင်းစစ်ဆေးသည်။
ပြည်နယ်မျိုးစေ့ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါရွှေက မိုးစပါး မျိုးစေ့ ထုတ်စိုက်ခင်း စိုက်ပျိုးထားမှု အခြေအနေများကို ကြည့်ရူစစ်ဆေးပြီး အထွက်နှုန်း ကောင်းမွန်ရေးအတွက် လိုအပ်သည်များကို မှာကြားသည်။ ထို့နောက် ပြည်နယ်သီးနှံ ကာကွယ်ရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိမိလှိုင်းက မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းတွင် ကျရောက်နေသည့် ပိုးမွှားများကို ကာကွယ်နှိမ်နှင်းရေးအတွက် လိုအပ် သည်များကိုမှာကြားသည်။
နောင်တရားမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် ထောက်ပံ့မှုအရ ဆောင်ရွက်ထားသော မိုးစပါးမျိုးစေ့ ထုတ်စိုက်ခင်း (၁၀)ဧကအတွက် SR-456 (ရွှေရင်အေး)မျိုးစပါးကို တောင်သူဦးကြီးများသို့ ဖြန့်ဝေပေးပြီး စိုက်ပျိုးရေးနည်းစနစ် မှန်ကန်စွာဖြင့် စိုက်ပျိုးဆောင်ရွက်စေခြင်းကြောင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။ အဆိုပါကွင်းဆင်းစစ်ဆေးခြင်းတွင် ရှမ်းပြည်နယ် ဦးစီးမှူး ရုံးမှ တာဝန်ခံများနှင့် ဝန်ထမ်းများ၊ နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူးဦးစိုင်းချမ်းမြေ့ဝင်းနှင့် နောင်တရားမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)