ကျောက်ဆည် ဇွန် ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများနှင့်ကျောင်းမုန့်ဈေးတန်းများအား စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ ဇွန်(၈)ရက်နံနက် (၉)နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အ.မ.က(၁၀)၊ အ.မ.က (၁၅)၊ အ.မ.က(၁၆)ကျောင်းများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ငှက်ဖျားတိုက်ဖျက်ရေးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး ဦးအေးလင်းနှင့် သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ကြီးများမှ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ကျောင်းများအတွင်းရှိ ရေကန်များ၊ ရေပုံးများအား ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး အဘိတ်ဆေးခတ်ခြင်း၊ ပိုးလောက်လန်းနှိပ်နင်းလုပ်ငန်းများနှင့် ကျောင်း မုန့်ဈေးတန်းများအား စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် အခြေခံပညာကျောင်းနှင့်ရပ်ကွက်/ကျေးရွာ နေအိမ်များတွင် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)