မိုးကြိုးစက်ကွင်းအနည်းငယ်ထိခဲ့သည့် ဗူးဘုရားစေတီတော်ကြီး ရှေးမူမပျက်ပြန်လည် ပြုပြင်ဆောင်ရွက်နိုင်ရေးကွင်းဆင်းစစ်ဆေး

ညောင်ဦး  ဇွန်  ၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဘီကျေးရွာအုပ်စု၊ တောင်ဘီကျေးရွာတွင် တည်ရှိသည့် ဗူးဘုရားစေတီတော်ကြီး ရှေးမူမပျက်အမြန်ဆုံးပြန်လည်ပြုပြင် ဆောင်ရွက်နိုင်ရေးညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များ ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်ကကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဇွန် ၆ ရက်၊ ညနေပိုင်းအချိန်မှ စတင်ပြီး မိုးရွာသွန်းခဲ့ကာ ဗူးဘုရားစေတီတော်အနီး ဧရာဝတီမြစ်ပြင်၌မိုးကြိုးပစ်၊ လျှပ်စီးကြောင်းများဖြစ်ပေါ်ခဲ့ပြီး ဗူးဘုရားစေတီတော်ကြီး မိုးကြိုးစက်ကွင်းမိ၍ အနည်းငယ်ထိခိုက်ပျက်စီးမှုအနည်းငယ်ဖြစ်ပေါ်ခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲတာဝန်ရှိသူများထံကသိရသည်။ အဆိုပါမိုးကြိုးစက်ကွင်းထိမှန်ခဲ့သည့် ထီးတော်၏ စိန်ဖူးတော်အောက်ခံကြာဖက်မဲသွားခြင်း၊ ထီးတော်ရှိ သံခေါင်းလောင်းများမဲသွားခြင်း၊ ငှက်ပျောဖူး ကြာဖက်ထိပ်ပိုင်း ၆ လက်မခန့်ပဲ့သွားခြင်း၊ မိုးကြိုးလွှဲကြိုးပတ်ဝန်းကျင် တစ်လက်မခွဲအဝိုင်းပေါက်နှင့်အမဲစက်ဖြစ်ပွားခဲ့ခြင်း၊ စေတီလုံးပတ်တော်အနောက်တောင်ဘက်နှင့် အနောက်ဘက်တွင် တစ်လက်မခွဲအဝိုင်းပေါက်ငယ်နှစ်ခုဖြစ်ပွားခဲ့ကာ ရွှေများသံဇကွက်ကဲ့သို့ အရာထင်ခြင်းများဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။ မိုးကြိုးစက်ကွင်းကြောင့် အနည်းငယ်ထိခိုက်မှုဖြစ်ပေါ်သည့် နေရာများ ရှေးမူမပျက်အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေးအတွက် ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များ၊ ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှပြုပြင်ထိန်းသိမ်းရေးဌာနစိတ်မှတာဝန်ရှိသူများ၊ ဗူးဘုရားဂေါပကဥက္ကဋ္ဌအဖွဲ့မှတာဝန်ရှိသူများမှ မိုးကြိုးစက်ကွင်းကြောင့် ထိခိုက်မိသည့်နေရာများ ရှေးမူမပျက် ပြန်လည်ပြုပြင်နိုင်ရေးအတွက် ငြမ်းစင်ခြင်းလုပ်ငန်းနှင့်ပြန်လည်ပြုပြင်မည့် အခြေအနေအသေးစိတ်တို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း