လယ်ဝေး ဇွန် ၈
၂၀၂၂ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲတွင် လယ်ဝေးမြို့နယ် စာဖြေဌာနမှ အောင်မြင်တော်မူကြသော စာအောင်သံဃာ၊ သီလရှင်များအား အောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်ချီးမြှင့်ခြင်း စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပုဏ္ဏမီဂုဏ်ဝေသီလရှင်စာသင်တိုက်၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ သံလမ်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာနာယက ဆရာတော်အဂ္ဂမဟဒန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တသုဇန၊ တိုင်းသံဃာ့နာယက အဖွဲ့ဝင် ဆရာတော်ဘဒ္ဒန္တသုစိတ္တ (နောင်ဘိုဂိုဏ်းထောက်ကျောင်း၊ လယ်ဝေးမြို့) မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တကုမာရ (သရက်တောပရိယတ္တိစာသင်တိုက်၊ လယ်ဝေးမြို့) အမှူးပြုသောပင့်သံဃာ ၁၆ ပါး၊ စာအောင်သံဃာ၊ သီလရှင် ၁၀၈ ပါး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၏ဇနီး ဒေါ်ကလျာထွေး၊ ဦးမြင့်စိုး၏ ဇနီးဒေါ်ခင်ဌေးလွင်၊ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ၊ ဧည့်ပရိတ်သတ်များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ဆရာတော်ဘဒ္ဒန္တသုဇနထံမှ ငါးပါးသီလယူဆောက်တည်ပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၏ဇနီး ဒေါ်ကလျာထွေးနှင့် ဦးမြင့်စိုး၏ဇနီး ဒေါ်ခင်ဌေးလွင်နှင့် အလှူရှင်များက ဆရာတော်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် စာအောင်သံဃာ၊ သီလရှင်များအား အောင်လက်မှတ်နှင့် စာအောင်ဆုများဆက်ကပ်၍ ဧည့်ပရိတ်သတ်များက ဆရာတော် ဘဒ္ဒန္တကုမာရထံမှ ရေစက်ချ တရားနာယူခဲ့ကြောင်း သတင်းရသည်။
ဝေကြည်(ပြန်/ဆက်)