ပုဏ္ဏားကျွန်းမြို့နယ် သာစည်ကျေးရွာ၌ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့မှ အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးလျက်ရှိ

ပုဏ္ဏားကျွန်း ဇွန် ၈

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ မိုခါမုန်တိုင်းဒဏ်ခံရသည့် ဒေသခံပြည်သူများအား အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပါရဂူဗိုလ် ကြီးဝေတိုးသူဦးဆောင်သော ဆေးကုသရေးအဖွဲ့ လာရောက်၍ ယနေ့ နံနက် (၈) နာရီမှ ညနေ (၃) နာရီအထိ၊ ပုဏ္ဏားကျွန်းမြို့နယ်၊ သာစည်ကျေးရွာ ဘုန်းတော် ကြီးကျောင်းတွင် အခြေပြု၍ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် တပ်အင်အားဖြည့်တင်းရေး ညွှန်ကြားရေးမှူးရုံးမှ ဒုတိယဗိုလ်မှူးကြီးရဲထွန်းဝင်းဦးစီး၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေး ကုသရေးအဖွဲ့မှ ပါရဂူဗိုလ်ကြီး ဝေတိုးသူနှင့် သူနာပြုများပါဝင်သော ကလေးအထူးကုဆရာဝန်၊ ထွေထွေရောဂါကု ဆရာဝန်ကြီးတို့က သာစည်ကျေးရွာနှင့် အနီးပတ်ဝန်ကျင်ကျေးရွာရှိ မုန်တိုင်းသင့်နာမကျန်းဖြစ်နေသူများကို လိုအပ်သည့်ဆေးဝါးများဖြင့် အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြသည်။

ဆက်လက်၍ ဒုတိယဗိုလ်မှူးကြီး ရဲထွန်းဝင်းဦးဆောင်သောအဖွဲ့မှ ပုဏ္ဏားကျွန်းမြို့ မြို့ဦးဘုန်းတော်ကြီးကျောင်းနှင့် သာစည်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းဆန်တော်များ လှူဒါန်းပေးခဲ့ပြီး၊ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက် လိပ်ကုန်းပြင်ပိုင်းရှိ အိမ်ထောင်စု ၃၀၀ နှင့်သာစည်ကျေးရွာရှိ အိမ်ထောင်စု ၂၉၅ စုအတွက် ဆန်ရိက္ခာများ လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိသည်။

နီထွန်းအောင်(ပြန်/ဆက်)