ကျောက်ဖြူပညာရေးဒီဂရီကောလိပ်၌ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT (၉/၂၀၂၃) သင်တန်းဖွင့်ပွဲနှင့် ကြိုဆိုပွဲအခမ်းအနား ကျင်းပ

ကျောက်ဖြူ  ဇွန်  ၈

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်၌ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ် ပညာသင်တန်း PPTT အမှတ်စဉ်(၉/၂၀၂၃) သင်တန်းဖွင့်ပွဲနှင့် ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါဒီဂရီကောလိပ်ရှိ ပညာတန်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောက်ဖြူပညာရေး ဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ဌာနကြီးမှူးများ၊ ကထိက၊ လက်ထောက်ကထိက၊ နည်းပြ၊ သရုပ်ပြများနှင့်  သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားသို့တက်ရောက်လာကြသူများကို သင်တန်းသူလေးများက ရခိုင်ရိုးရာဆီမီးခွက်အကဖြင့် ကပြဖျော်ဖြေပြီး ကျောက် ဖြူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်က ကျောက်ဖြူ ပညာရေးဒီဂရီကောလိပ်သည် ရခိုင်ပြည်နယ်၏ ပညာရေးကဏ္ဍဖွံ့ဖြိုးမှုများအတွက် ဆရာ၊ဆရာမများကို စဉ်ဆက်မပြတ် မွေးထုတ်ပေးနေသည့် ကျောင်းတော်ကြီးဖြစ်ကြောင်း၊ နောင်တစ်ချိန်တွင် ဆရာ၊ဆရာမ များ ဖြစ်လာကြမည့် ကျောင်းသား၊ကျောင်းသူများသည် အနာဂတ်ကလေးများ၏ လမ်းပြကြယ်များ ဖြစ်သဖြင့် စိတ်ဓါတ်၊ စည်းကမ်း၊ ပညာအရည်အသွေး ပြည့်ဝရန်လိုအပ်ပါကြောင်း၊ ဆရာ၊ဆရာမများ ဖြစ်လာပြီး မိမိတို့တာဝန်ကျရာဒေသတွင် တာဝန်ထမ်းဆောင်သည့်အချိန်တွင်လည်း နိုင်ငံ့ဝန်ထမ်းများ၏ စောင့်ထိန်းရမည့် ကျင့်ဝတ်များ၊ ကျေးဇူးသစ္စာများစောင့်သိရိုသေခြင်း၊ တည်ဆဲဉပဒေများကို လေးစားလိုက်နာခြင်း၊ တာဝန်နှင့် ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ထမ်းဆောင်ခြင်းနှင့် တပည့်များအတွက် စံပြဆရာများ ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ကျောက်ဖြူပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး ဒေါ်မီမီဝင်းက တက်ရောက်လာကြသည့် သင်တန်းသား၊ သင်တန်းသူများအား ပညာရေးဝန်ကြီးဌာနကိုယ်စား ကျောက်ဖြူပညာရေး ဒီဂရီကောလိပ်မှ ရင်းနှီးနွေးထွေးစွာဖြင့်ကြိုဆိုပါကြောင်း၊ ယခုဖွင့်လှစ်သည့် လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ်ပညာသင်တန်း PPTT အမှတ်စဉ်(၉/၂၀၂၃) သင်တန်းကို ၂၀၂၃ ခုနှစ်၊ ဧပြီလတွင်  ဝင်ခွင့် စာမေးပွဲကိုကျင်းပခဲ့ပြီး ဝင်ရောက်ဖြေဆိုသူပေါင်း ရခိုင်ပြည်နယ်ကိုယ်စားပြု (၂၁၂၅)ဦးနှင့် ပလက်ဝ မြို့နယ် ကိုယ်စားပြု(၃၈)ဦး၊ စုစုပေါင်း(၂၁၆၃)ရှိကာ ရခိုင်ပြည်နယ်ကိုယ်စားပြုဝင်ရောက်ဖြေဆိုသူ အားလုံး သင်တန်းတက်ရောက်ရန် ရွေးချယ်ခံရပါကြောင်း၊ ယင်းအထဲမှ ကျောက်ဖြူပညာရေး ဒီဂရီ ကောလိပ်တွင် တက်ရောက် ခွင့်ရရှိသူ(၁၀၀၀)ဦးရှိပါကြောင်း၊ သင်တန်းသား၊သင်တန်းသူများအနေဖြင့် သင်တန်းမှရရှိသည့် ကျွန်းကျင်မှုများကို မိမိတို့လုပ်ငန်းခွင်ဖြစ်သော အခြေခံပညာကျေုာင်းများတွင်  လက်တွေ့အသုံးရမည်ဖြစ်ပါကြောင်း၊ ထို့အတွက်ကြောင့် ဆရာ၊ဆရာမများ၏ သင်ကြားပို့ချမှုကို ကြိုးစားသင်ယူကြစေလိုပါကြောင်း ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး  သင်တန်းသူလေးများမှ ချင်းရိုးရာအကဖြင့် ဖျော်ဖြေပေးကာ ပထမပိုင်း အခမ်းအနားအစီအစဉ်ကို ခေတ္တရပ်နားခဲ့သည်။

ဆက်လက်၍ အခမ်းအနား (ဒုတိယပိုင်း) အစီအစဉ်ကို ဆက်လက်ကျင်းပရာ သင်တန်းသား၊ သင်တန်းသူ များအား သင်ကြားရေးဌာန၊ စီမံရေးရာဌာနမှ ဆရာ၊ ဆရာမများနှင့် အရာထမ်းများကို  မိတ်ဆက်ပေးခဲ့သည်။ ယင်းနောက် သင်တန်းသား၊ သင်တန်းသူများမှ အခမ်းအနားတက်ရောက်လာကြသူများကို တေး သရုပ်ဖော်အကအလှများဖြင့် ကပြတင်ဆက်ဖျော်ဖြေခဲ့ကြသည်။

အဆိုပါသင်တန်းကို သင်တန်းသား၊သင်တန်းသူ(၁၀၀၀)ဦးတို့မှတက် ရောက်သင်ယူကြမည်ဖြစ်ပြီး သင်တန်းကာလမှာ (၁-၆-၂၀၂၃) ရက်နေ့မှ ‌(၁၁-၈-၂၀၂၃)ရက်နေ့အထိ (၂)လခွဲကြာ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း ကျောက်ဖြူပညာရေးဒီဂရီကောလိပ်မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

တင်ထွန်းဦး(ပြန်/ဆက်)