ကလောမြို့နယ်၌ စာပေချစ်သူများအသင်း Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်း ပြုလုပ်

ကလော ဇွန် ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများအသင်း Book Club အဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်နန်းအေးခိုင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာသက်မောင်(ကလော)မှ မိတ်ဆက်အမှာစကားပြောကြားပြီး စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင် ဆရာအောင်ချစ်(ဟဲဟိုး)မှ ၎င်းရေးသားခဲ့သော ၂၀၁၆ ခုနှစ် ဇူလိုင်လထုတ် အတွဲ-၄၃၊ အမှတ်(၇) ရတနာမွန်မဂ္ဂဇင်းမှ “ဝါဆိုဝါခေါင်ရေတွေကြီးလို့” အမည်ရှိ ဆောင်းပါးအား ဖတ်ကြား၍ Book Club အဖွဲ့ဝင် ဆရာမ မသန်းလွင်(ဟဲဟိုး)မှ ၎င်းရေးသားသော “ခပ်ညစ်ညစ်ပန်းချီကားတစ်ချပ်” ကဗျာအား ရွတ်ဖတ်ခဲ့ပြီး ဆွေးနွေးခဲ့ရာ ဆွေးနွေးချက်များပေါ် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြန်လည်ဝေဖန် သုံးသပ်ဆွေးနွေးခဲ့သည်။

ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာဗဟုသုတများ ရရှိစေရေးအတွက် စာဖတ်ဝိုင်းများကို လစဉ် အရှိန်အဟုန်မပျက် ပြုလုပ်သွားမည်ဖြစ်ကြောင်း ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိက ပြောကြားခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)