သီပေါမြို့နယ် ဝန်ထမ်းပေါင်းစုံသမဝါယမအသင်းလီမိတက်မှ ထိုင်ခုံများပေးအပ်လှူဒါန်းပွဲနှင့် ၂၀၂၃-၂၀၂၄ပညာသင်နှစ် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်

သီပေါ ဇွန် ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ဝန်ထမ်းပေါင်းစုံသမဝါယမအသင်း လီမိတက်မှပလတ်စတစ်ထိုင်ခုံများ ပေးအပ်လှူဒါန်းပွဲနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို အဆိုပါအသင်းရုံးခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အသင်းဥက္ကဋ္ဌဦးတင်မောင်မောင်က အသင်းမှရရှိသော အတိုးရငွေများဖြင့်ပညာသင် ထောက်ပံ့ကြေးငွေများပေးအပ်ခြင်း၊ အသင်းသားများအားအမြတ်ငွေများခွဲဝေပေးခြင်း၊ အငြိမ်းစားဝန်ထမ်များအား ထောက်ပံ့ငွေများပေးအပ်ခြင်းနှင့် ဌာနဆိုင်ရာများမှလိုအပ်လျက်ရှိသော ထိုင်ခုံများအားအလှည့်ကျစနစ်ဖြင့် လှူဒါန်းပေးခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များကိုရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရတနာဝင်းက ဝန်ထမ်းများအတွက်လည်းများစွာ အထောက်အကူဖြစ်သည့်အတွက် ဝန်ထမ်းပေါင်းစုံသမဝါယမအသင်းလီမိတက်၏ လုပ်ငန်းများကို များစွာဂုဏ်ယူကျေနပ်အားရမိပါကြောင်း၊ အမှုဆောင်ဒါရိုက်တာများအနေဖြင့်လည်း လုပ်ငန်းပိုမို တိုးတက်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အတွက် မြို့နယ်အတွင်းရှိဝန်ထမ်းအသင်းသားများ ကိုယ်စားများစွာကျေးဇူးတင်ရှိပါကြောင်း စသည်ဖြင့်ပြောကြားခဲ့ပြီး နောက်ပညာရေးဌာနကိုယ်စား ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်မိုးက ပညာသင်ထောက်ပံ့ကြေးငွေနှင့် ပလတ်စတစ်ထိုင်ခုံများ လှူဒါန်းပေးသည့် အတွက်အသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အသင်းဥက္ကဋ္ဌ ဦးတင်မောင်မောင်၊ သမဝါယမဦးဌာနဦးစီးအရာရှိဒေါ်ရတနာဝင်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်မိုးနှင့်တာဝန်ရှိသူများက ထိုင်ခုံများနှင့် ပညာသင်ထောက်ပံ့ငွေများကို အသီးသီးပေးအပ်ခဲ့ရာ သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများကလက်ခံရယူခဲ့ကြကြောင်းနှင့် ပလတ်စတစ်ထိုင်ခုံ(၂၇၀)လုံးကို လှူဒါန်းခဲ့ကြောင်း၊တန်ဖိုးမှာ ငွေကျပ်သိန်း(၃၀)ဖြစ်ကြောင်း၊ အသင်းသားများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ရာတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူများအတွက် ငွေကျပ်သိန်း(၄၀)၊ တက္ကသိုလ်နှင့် အဝေးသင်တက္ကသိုလ်ကျောင်းသား ၊ ကျောင်းသူများအတွက် ငွေကျပ် သိန်း(၂၀) ဖြစ်ပါကြောင်း၊ဆက်လက်၍ လိုအပ်လျက်ရှိသော ဌာနဆိုင်ရာရုံးများ၊ ကျောင်းများသို့လည်း လှူဒါန်းပေးသွားမည်ဖြစ်ကြောင်းနှင့် သီပေါမြို့နယ်ဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက်တွင် မြို့နယ်အတွင်းရှိအသင်းသား ဝန်ထမ်း (၂၀၅၀)ဦးရှိပြီး၊ အသင်းသားများ၏ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးများကို တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း အသင်းဥက္ကဋ္ဌ ဦးတင်မောင်မောင်ထံမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)