တွံတေး ဇွန် ၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲအောက်ရှိ ငါးလုပ်ငန်းသိပ္ပံ(တွံတေး)တွင် ငါးလုပ်ငန်းနှင့်ရေသတ္တဝါမွေးမြူရေး ဒီပလိုမာပထမနှစ်(ဒုတိယနှစ်ဝက်)သင်တန်းအား ဇွန်(၁) ရက်နေ့မှစတင်ကာသင်ကြားပေးလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဒီပလိုမာပထမနှစ်(ဒုတိယနှစ်ဝက်)သင်တန်းတွင် ပြည်နယ်/တိုင်းဒေသကြီးအသီးသီးမှ ကျောင်းသား(၁၇)ဦး၊ ကျောင်းသူ(၂၃)ဦး စုစုပေါင်း(၄၀)ဦးတို့အား ဆက်လက်သင်ကြားပို့ချနေကြောင်း သိရသည်။ ပထမနှစ်(ဒုတိယနှစ်ဝက်)ကို ဇွန်(၁)ရက်နေ့မှ အောက်တိုဘာ(၁၆)ရက်ထိ စာတွေ့/လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်သည်။
ဒီပလိုမာပထမနှစ် (ဒုတိယနှစ်ဝက်)တွင် မြန်မာစာ၊ English ၊ Fish Taxonomy ၊ Nutrition ၊ Fish Reproductive Biology ၊ Limnology ၊ Fish Biology ၊ Hatchery Management and Technology ၊ Farm Management and Technology စသော ဘာသာရပ်စုစုပေါင်း (၉)ဘာသာနှင့် Computer ဘာသာရပ်၊ English Speaking ဘာသာရပ်တို့ကိုပါသင်ကြားပို့ချပေးကြောင်း တာဝန်ရှိသူသင်တန်း ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။
ငါးလုပ်ငန်းနှင့်ရေသတ္တဝါမွေးမြူရေးဒီပလိုမာပထမနှစ်သင်တန်းသား၊ သင်တန်းသူများက ကျောင်းစာများအပြင် နေ့စဥ်နံနက် ၆ နာရီမိနစ် ၃၀ မှ ၇ နာရီမိနစ် ၃ဝ အထိ၊ ညနေ ၄ နာရီမိနစ် ၃၀ မှ ညနေ ၅ နာရီမိနစ် ၃၀ အထိ ကိုယ်လက်လှုပ်ရှားအားကစား ကျန်းမာစွာပညာများသင်ကြား ဆည်းပူးနိုင်ရေးရည်ရွယ်ကာ အားကစားပစ္စည်းများဖြင့် လေ့ကျင့်လုပ်ခြင်းဘောလီဘော၊ ပိုက်ကျော်ခြင်းနှင့်ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများကို ကျောင်းသား၊ ကျောင်းသူများနေ့စဥ်ဆောင်ရွက်ကြရကြောင်းလည်း သိရှိရသည်။
တွံတေးသား