မိုင်းငေါ့ ဇွန် ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် “လူငယ်နှင့်စာဖတ်ခြင်း” ခေါင်းစဉ်ဖြင့် လူငယ်ရေးရာအသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်းမ၌ ယနေ့ နံနက်(၁၀)အချိန်ခန့်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲ Talk Show တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က ယနေ့လူငယ်များသည် အနာဂတ်ခေါင်းဆောင်များဖြစ်ကြောင်း၊ မိမိ၏အနာဂတ်ကို အကောင်းဆုံးပုံဖော်နိုင်ရန်၊ အမှားအမှန်၊ အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားတတ်စေရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့ပြီး စာထောက်-၃- ဒေါ်မို့မို့က စာပေဗဟုသုတများရရှိရန်၊စာအုပ်စာပေလူ့မိတ်ဆွေ၊ အလိမ္မာစာမှာရှိဟူသော ဆောင်ပုဒ်များနှင့်အညီ စာပေဗဟုသုတများကို လေ့လာဖတ်ရှုကြရန်၊ စာပေဖတ်ရှုခြင်းကြောင့် အသိဉာဏ်ပညာများ တိုးတက်မြှင့်မားလာမှာဖြစ်သည့်အတွက် စာများများဖတ်ရန်လိုအပ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြသည်။
မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအသိပညာဗဟုသုတရရှိစေရန်အတွက် အသိပညာပေးဆွေးနွေးပွဲ (Talk Show)များ၊ ဟောပြောပွဲများ၊ပြိုင်ပွဲများကို လစဉ်ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
မြင့်သွယ် (မြို့နယ်၊ပြန်/ဆက်)