ပျဉ်းမနား ဇွန် ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ(ရုံးချုပ်)မှ ပူးပေါင်းကျင်းပသည့် လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများသင်တန်းအမှတ်စဉ်(၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးသိပ္ပံ (ပျဉ်းမနား)၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းရွှေ၊ သီးနှံကာကွယ်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးဇော်လင်း၊ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းထိန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက နိုင်ငံတော်အနေဖြင့် ပိုးသတ်ဆေးများ စနစ်တကျ ကိုင်တွယ်သုံးစွဲနိုင်ရေးအတွက် ပိုးသတ်ဆေးဥပဒေကို ၁၉၉၀ ပြည့်နှစ် မေ ၁၁ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့တွင် ပြန်လည်ပြင်ဆင် ပြဋ္ဌာန်းခဲ့ကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ပိုးသတ်ဆေးဥပဒေများနှင့်ပတ်သတ်၍ သိရှိလိုက်နာ ကျင့်သုံးလာစေရန်၊ ပိုးသတ်ဆေးကို အမြဲထိတွေ့ ကိုင်တွယ်နေရသော တောင်သူများ၊ ပိုးသတ်ဆေးရောင်းချသူများ၊ ပိုးသတ်ဆေးကုမ္ပဏီမှ ဝန်ထမ်းများအား ပိုးသတ်ဆေးကို အန္တရာယ်ကင်းရှင်းစွာ အသုံးချနိုင်ရေးနှင့် ပိုးသတ်ဆေးဥပဒေနှင့်အညီ ရောင်းချနိုင်စေရေးအတွက် လက်မှတ်ရ ပိုးသတ်ဆေးသုံးစွဲသူများသင်တန်းအား ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းမှ ဥပဒေများအကြောင်း၊ ပိုးသတ်ဆေး၊ ရောဂါသတ်ဆေးနှင့် ပေါင်းသတ်ဆေးများအကြောင်း၊ ဆေးဖျန်းပုံအမျိုးအစားနှင့် ပိုးသတ်ဆေးဖျန်းပုံ နည်းစနစ်များအကြောင်း၊ ပိုးသတ်ဆေး အသုံးပြုမှုကြောင့် ဖြစ်ပေါ်လာသော ဓာတ်ကြွင်းအာနိသင်များနှင့် စနစ်တကျ ပိုးသတ်ဆေး ကိုင်တွယ်အသုံးပြုသည့် နည်းလမ်းများအကြောင်း သင်ကြားပို့ချမှာဖြစ်သည့်အတွက် ထိရောက်ပြီး အကျိုးရှိသော သင်တန်းဖြစ်ကြောင်းနှင့် သင်တန်းသို့ တက်ရောက်လာသူအားလုံးက စိတ်ပါဝင်စားစွာဖြင့် ဂရုတစိုက်သင်ကြားကြပြီး ယခုသင်တန်းမှ သင်ကြားပေးလိုက်သော အသိပညာများကို မိမိတို့ပတ်ဝန်းကျင်ရှိ ပိုးသတ်ဆေးကိုင်တွယ်သုံးစွဲသူများ၊ တောင်သူများကို ပြန်လည်ဖြန့်ဝေပေးစေလိုကြောင်းနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပိုးသတ်ဆေး လက်လီ/ လက်ကား ရောင်းချသည့် ဆိုင်များမှလည်း စစ်မှန်ပြီး အရည်အသွေးပြည့်ဝသော ပိုးသတ်ဆေးများကိုသာ ရောင်းချပေးရန်နှင့် သုံးစွဲစေရန် ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းရွှေက ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများကြောင့် ဖြစ်ပေါ်နေသော ပြသာနာများကို မြန်မာနိုင်ငံတွင်သာမက အခြားနိုင်ငံများတွင်ပါ ကြုံတွေ့နေရပါကြောင်း၊ လူနှင့်ပတ်ဝန်းကျင်ကို အန္တရာယ်ပေးနေသောအရာတွေမှာ ပိုးသတ်ဆေးဟာ အများဆုံး ပါဝင်နေတာကို တွေ့ရမှာဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ဓာတုပစ္စည်းများ စနစ်တကျကိုင်တွယ်သုံးစွဲနိုင်ရေး၊ အရည်အသွေးပြည့်ဝသော ပစ္စည်းများအား တောင်သူများ မှန်ကန်စွာ သုံးစွဲနိုင်ရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုကို အထောက်အကူပြုစေရန်အတွက် ပိုးသတ်ဆေးဥပဒေ၊ မြေဩဇာဥပဒေ၊ မျိုးစေ့ဥပဒေ အစရှိသဖြင့် ပြဌာန်းဆောင်ရွက်လျက် အဆိုပါ ဥပဒေများနှင့်အညီ လိုက်နာမှု ရှိ / မရှိ ကြီးကြပ်ကွပ်ကဲဆောင်ရွက်လျက်ရှိကြောင်းနှင့် သုံးစွဲသူတောင်သူများကိုလည်း ထပ်ဆင့်မျှဝေသွားခြင်းဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးမှာ အထောက်အကူပြုပါဝင် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
အဆိုပါ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ(ရုံးချုပ်)မှ ပူးပေါင်းကျင်းပသည့် လက်မှတ်ရ ပိုးသတ်ဆေးသုံးစွဲသူများသင်တန်းအမှတ်စဉ် (၁/၂၀၂၃)ကို ဇွန် ၈ ရက်နေမှ ၁၀ ရက်နေ့အထိ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၁၃၇ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ ပျဉ်းမနားမြို့ ကန်တော်မင်္ဂလာရှမ်းကန် အဆင့်မြှင့်တင်ခြင်းနှင့် ရေလယ်ဘုရားကျောင်းဆောင်၊ ရှင်ဥပဂုတ္တကျောင်းဆောင် ဆောက်လုပ်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှု့ စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရပါသည်။
မျိုးသီဟ(ပြန်/ဆက်)