ပုဗ္ဗသီရိ မေ ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ရပ်ကွက်များအတွင်းရှိ ပြည်သူများအားဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းစဉ်များကို ယနေ့နံနက်ပိုင်းမှ စတင်၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းသိန်းက ဇီဝဆိုင်ရာအချက်အလက် (Biome tric Data) ကောက်ယူခြင်းလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း နေထိုင်သူ အသက် (၁၀)နှစ်နှင့်အထက် နိုင်ငံသားတို့၏ Biographic Data နှင့် Biometric Data များကောက် ယူ၍ Database တွင်သိမ်းဆည်းပြီး ဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID နံပါတ်သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ မင်္ဂလာဒီပရပ်ကွက်၊ နဝဒေးရပ်ကွက်နှင့် ဘုရင့်နောင်ရပ်ကွက်အတွင်းရှိ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူသည့်လုပ်ငန်းစဉ်များအား စတင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန္တာလင်း(ပုဗ္ဗသီရိ)