သုံးခွမြို့နယ်တွင် စာပေချစ်သူများနှင့်ကျောင်းသား/သူလေးများဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်

သုံးခွ မေ ၈

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် Book Club အဖွဲ့နှင့်ပူးပေါင်း၍ ကျောင်းသား/သူများ စာအုပ်စာပေများကို ချစ်မြတ်နိုးတတ်စေပြီး အချင်းချင်းစာပေနှီးနှောဖလှယ်တတ် စေရန်ရည်ရွယ်၍  ယမန်နေ့ည‌နေ(၃)နာရီခွဲအချိန်က စာရေးဆရာချမ်းငြိမ်း (ဟံသာ၀တီ)" ရေးသားသည့် " ဒုက္ခဆိုတာ အတောင်ပံနဲ့လား"စာအုပ်အား စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ်တင်တင်ထွေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကိုပြောကြားပြီး (Women Club)အဖွဲ့၀င်ဒေါ်တင်မိုးဆွှေက" ဒုက္ခဆိုတာ အတောင်ပံနဲ့လား"ခေါင်းစဉ်ဖြင့်‌ ဆွေးနွေးရာတွင် အသိတရားဆိုတာ လူမှုနယ်ပယ်မှာလူတိုင်း ထားရှိရမယ့်အရာဖြစ်ပါကြောင်း၊ ရှောင်လွှဲလို့မရတဲ့ လူမှုရေးနယ်ပယ်မှာ အသေချာဆုံးရပ်တည်နေတာက  အသိတရားလို့ ဆိုပြန်ရင်မှားမယ် မထင်ပါကြောင်း ပြောကြားသည်။

ထို့နောက် (youth club)အဖွဲ့၀င် မအေးမြတ်မြတ်သင်းက "လူငယ်များ ကာလတစ်ခုကို ဖြတ်သန်းနေကြသည်"  ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် လူကြီးတွေဖြစ်သွားကြတဲ့ လူငယ်တိုင်း လူကြီးတွေ မဖြစ်သေးကြတဲ့ လူငယ်တိုင်း မိမိသမိုင်းနဲ့ အချိန်ကာလတစ်ခုကို အမြဲဂရုပြုအမှတ်ရနေရမှာကတော့ လူတိုင်းရဲ့ တာ၀န်ဝတ္တရားတစ်ခုပဲဖြစ်ပါကြောင်းစသည့် စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ (Youth club)အဖွဲ့၀င် ဇင်မင်းထွဋ်က " ဖြစ်ကိုဖြစ်ရမယ် " ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် လူတိုင်းမှာဆုံးဖြတ်ချက်ကိုယ်စီရှိကြပါကြောင်း၊ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက် သံန္ဓိဌာန်နဲ့ ဘ၀ကိုအရှုံးမပေးဘဲ နောက်မတွန့်စတမ်း ရင်ဆိုင်ရင်း ဘ၀မှာ အောင်မြင်မှုတွေ ဝေဝေဆာဆာ‌ ထွေးပိုက်ဖို့လိုပါ‌ကြောင်းစသည့် စာအုပ်ပါအကြောင်း အရာများကိုဝိုင်း၀န်းဆွေး နွေးခဲ့ကြကြောင်းသိရသည်။

ယင်းနောက် စာဖတ်‌ဝိုင်းသို့ တက်ရောက်လာသည့် စာပေချစ်သူများနှင့် ကျောင်းသား/သူများမှလည်း စာအုပ်ပါအကြောင်းအရာများကို အချင်းချင်းဆွေးနွေးဖလှယ်ခဲ့ကြသည်။ သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် လစဉ်၊ အပတ်စဉ်ပြည်သူများ အသိပညာဗဟုသုတရရှိစေရေးအတွက် စာဖတ်ဝိုင်းများကို Club အဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စည်သူလင်း ပြန်/ဆက်