မုံးကိုးမြို့တွင် ပန်းခင်းစီမံချက်(၂)ဆောင်ရွက်ချက်အရ ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများ ပေးအပ်ပွဲကျင်းပ

မုံးကိုး ဇွန်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် ယမန်နေ့ နေ့လယ်(၁၁)အချိန်က မုံးကိုးမြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်(၂) ဆောင်ရွက်ချက်အရ မြို့အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ကတ်ပြားနှင့် အိမ်ထောင်စု စာရင်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  မုံးကိုးမြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူး ဦးညီလေးနှင့်အဖွဲ့ဝင်များက နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်နိုင်ရေးအတွက် လိုအပ်သော အချက်အလက်များကို စိစစ်ဆောင်ရွက်ခဲ့ပြီး ဒေသခံပြည်သူများ၊ အသက် ၁၀ နှစ်အထက် ကျောင်းသား/ကျောင်းသူ များကိုလည်း နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့အတူ ဒေသခံတိုင်းရင်းသားများ၏ အိမ်ထောင်စုစာရင်းအသစ်များကိုလည်း ပြန်လည်ပြုလုပ်ပေးခဲ့ပြီး လက်ဝယ်အရောက်ပေးအပ်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးအဖွဲ့ဝင်များက လိုအပ်သောမွေးစာရင်း အချက်အလက်များ ကောက်ယူပေးခြင်း၊ ကျန်းမာရေးဌာနမှ သွေးအမျိုးအစား ဖောက်ယူစစ်ဆေးပေးခြင်း၊ အရပ်အမြင့်နှင့်ကိုယ်အလေးချိန် တိုင်းတာစစ်ဆေး ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး  ယခုကဲ့သို့ ဆောင်ရွက်ပေးသည့်အတွက် ဒေသခံတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

မုံးကိုးမြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကျောင်းသား/သူ(၁၇)ဦး၊ ဒေသခံပြည်သူ(၆၂)ဦးနှင့် စုစုပေါင်း(၇၉)ဦးတို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ပေးခဲ့ပြီး မွေးတိုး၊ အ.ထ.စ ခွဲမိတ္တူ လျှောက်ထားအိမ်ထောင်စုစာရင်း(၁၁)စုတို့ကို ပြုလုပ်ဆောင်ရွက် ပေးခဲ့ပါသည်။

အဆိုပါ ပန်းခင်းစီမံချက်(၂)ဆောင်ရွက်ချက်အရ ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများ ပေးအပ်ရာတွင် မုံးကိုးမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးလျံရှင်းမုံနှင့်တကွ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီမှူး ဦးညီလေးနှင့်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ကျောင်းသား/သူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မေစံပယ်ဖူး(မုံးကိုး)