နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အများပြည်သူ အသိပညာပေး (Talk Show) ကျင်းပ

နမ္မတူ ဇွန် ၈

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများက Online စနစ်ဖြင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အများပြည်သူအသိပညာပေး (Talk Show) အစီအစဉ်ကို ယနေ့နံနက် (၁၀)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ရိုက်ကူးတင်ဆက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အသိပညာပေး (Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းမျိုးဆောင်းကျော်က Online စနစ်ဖြင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အများပြည်သူအသိပညာပေး (Talk Show) ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိနိုင်သော စိတ်ပိုင်း၊ ရုပ်ပိုင်း၊ ခန္ဓာကိုယ်ပိုင်း၊ လူမှုရေးပိုင်းဆိုင်ရာ  ထိခိုက်မှုဆိုးကျိုးအန္တရာယ်များအကြောင်းအား အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်ချစ်ချစ်ပိုင်က မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်များ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဥပဒေအရအရေးယူခံရနိုင်သည့် အခြေအနေများ စသည့်အကြောင်းအရာများအား  အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ Online စနစ်ဖြင့် အများပြည်သူအသိပညာပေး (Talk Show) အစီအစဉ်များကို လစဉ် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ အများပြည်သူတို့ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများဖြင့်  ရိုက်ကူးတင်ဆက်ပေးမည် ဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းမျိုးဆောင်းကျော်ထံက သိရသည်။

လူမော် (ပြန်/ဆက်)