ပင်လောင်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား သီးနှံများစိုက်ပျိုးနိုင်ရန် စိုက်ပျိုးမြေနှင့် စိုက်ပျိုးစရိတ်ထောက်ပံ့ပေးနိုင်ရေး  လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ပင်လောင်း ဇွန် ၈

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား စိုက်ပျိုးရာသီရောက်ပြီဖြစ်သည့်အတွက် သီးနှံများစိုက်ပျိုးနိုင်ရန် စိုက်ပျိုးမြေနှင့်စိုက်ပျိုးစရိတ်ထောက်ပံ့ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်ဘက်စုံသုံးခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်က စိုက်ပျိုးမြေနှင့် စိုက်ပျိုးစရိတ်ထောက်ပံ့ပေးမည့် အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ တက်ရောက်လာကြသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ပြည်သူများက စိုက်ပျိုးစရိတ်ထောက်ပံ့ပေးမှုနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ဗိုလ်မှူးညီညီမင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းနိုင်၊ ဦးခွန်ကျော်မင်းထွန်းတို့က သိရှိလိုသည်များကို ရှင်းလင်းပြောကြားခဲ့ကြသည်။

သီးနှံစိုက်ပျိုးရာသီတွင် ယာယီနေရပ်စွန့်ခွာပြည်သူများ သီးနှံစိုက်ပျိုးမှု အဆင်ပြေစေရန် လေးအိမ်ထောင်စုလျှင် စိုက်ပျိုးမည့် မြေနေရာ တစ်ဧက စီစဉ်ဆောင်ရွက်ပေးခြင်းနှင့် သီးနှံစိုက်ပျိုးစရိတ် ငွေကျပ် လေးသိန်းတန်ဖိုးရှိ မျိုးစေ့ တစ်အိတ်၊ ကွန်ပေါင်းဓာတ်မြေဩဇာ တစ်အိတ်၊ ပုလဲဓာတ်မြေဩဇာ တစ်အိတ်တို့ကို ထောက်ပံ့ပေးမည်ဖြစ်ပြီး သီးနှံများစိုက်ပျိုးရာသီတွင် စိုက်ပျိုးတောင်သူ (၅၀၀)ဦးအတွက် အသုံးပြုနိုင်ရန် ပေါက်ပြား၊ မိုးကာ၊ ဖိနပ်များ၊ ကျောင်းနေအရွယ် ကျောင်းသား၊ ကျောင်းသူများအား တစ်ဦးလျှင် ထမင်းချိုင့်နှင့် ငွေကျပ်တစ်သောင်းကိုလည်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)