ပင်းတယ၌ မိုးဦးကျကာလတွင် သဘာဝအလျောက်ထွက်ရှိသော မှိုများရှာဖွေရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ပင်းတယ ဇွန် ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ သည် မိုးဦးကျကာလတွင် တောင်ယာစိုက်ပျိုးခြံ များနှင့် တောတောင်များအတွင်း၌ သဘာဝအလျောက်ထွက်ရှိသော မှိုဒေသအခေါ် (မှိုဦးညို) များ ရှာဖွေရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ပင်းတယမြို့နယ် အနီးအနားရှိ ကျေးရွာနေပြည်သူများသည် မိုးဦးကျကာလတွင် တောတောင်များအတွင်းရှိ တောင်ယာစိုက်ခင်းများနှင့် မြေလွတ်မြေရိုင်းများ တွင် သဘာဝအလျောက် ထွက်ရှိလာသည့် စားမှိုများကို လိုက်လံရှာဖွေကြပြီး တွေ့ရှိလာသည့်မှိုများအား မိသားစုစားရန် အနည်းငယ်ချန်ထား၍ ရပ်ကွက်/ကျေးရွာများအတွင်း လိုက်လံရောင်းချခြင်း၊ လမ်းမကြီး၏ဘေးတွင် ခင်းကျင်းရောင်းချခြင်းနှင့် မြို့မဈေးအတွင်း၌ ရောင်းချခြင်းတို့ဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိရန် ဆောင်ရွက်ကြရာ အနီးအနားရှိ ဒေသခံပြည်သူများနှင့် ရပ်နီး/ရပ်ဝေးမှ ခရီးသွားပြည်သူများက ဝယ်ယူစားသုံး ကြကြောင်း သိရသည်။

အဆိုပါ မိုးဦးကျကာလတွင် သဘာဝအလျောက်ထွက်ရှိသော မှိုများကို အဖူး၊ အငုံ၊ အပွင့် အမျိုးအစားများ၊ အရွယ်အစားနှင့် အရေအတွက် အပေါ်မှုတည်၍ အိတ်ငယ်(၁)အိတ်လျှင် (၃၀၀၀)ကျပ်မှ (၅၀၀၀)ကျပ်အထိ ဈေးနှုန်းသတ်မှတ်ပြီး ရောင်းချကြကြောင်းနှင့် မှိုများကို ဆီဖြင့် ခြောက်အောင်ကြော်ပြီး ရောင်းချပါက ဗူးငယ်(၁)ဗူးလျှင် (၁၀၀၀)ကျပ်မှ (၁၅၀၀၀)ကျပ်အထိ ဈေးရရှိသောကြောင့် မှိုရှာဖွေရောင်ချကြသည့် ကျေးရွာနေပြည်သူများ မိသားစု အပိုဝင်ငွေရရှိ၍ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)