နောင်တရား ဇွန် ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်မြို့နယ်၊ နောင်တရားမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများ၌ထွက်ရှိသည့် အာလူးများကို စားသုံးသူများလက်ဝယ်သို့ တိုက်ရိုက်တင်ပို့ရောင်းချသည့်စနစ်ကို စတင်ကျင်းသုံးလျက်ရှိကြောင်း အာလူးစိုက်ပျိုးသည့် တောင်သူတစ်ဦးထံမှ သိရသည်။
“ကျွန်တော်တို့ အာလူးစိုက်တောင်သူတွေ အောင်ပန်းကုန်စည်ဒိုင်ကို အားကိုးပြီး အာလူးရောင်းချသည့်စနစ်ကိုလျော့ချပြီး အာလူးစိုက်တောင်သူမှ တဆင့်စားသုံးသူလက်ဝယ်သို့ တိုက်ရိုက်တင်ပို့သည့်စနစ်ကို စတင်ကျင့်သုံးလာပါပြီ နောင်တရားဒေသမှာ ထွက်ရှိတဲ့အာလူးတွေကို အောင်ပန်းကုန်စည်ဒိုင်သို့ သွားရောက်ရောင်းချလျှင် ခေါက်တိုကားခ၊ အလုပ်သမားခနှစ်ကြိမ်၊ ပွဲစားခအပြင် ကုန်ချိန်လျော့နည်းမူတွေကိုလည်း ကြုံတွေ့ရပါတယ်၊ အာလူးစိုက်ပျိုးသူမှစားသုံးသူများသို့ တိုက်ရိုက်ရောင်းချလျှင် ခေါက်တိုကားခ၊ ငွေကြေးကျန့်ကြာမှု ပွဲစားခ၊ ကုန်ချိန်လျော့နည်းမှု စသည့်ကုန်ကျစရိတ်များကို လျော့ချနိုင်ပါတယ်” ဟု သိမ်းပြုံးကျေးရွာမှ အာလူးစိုက်တောင်သူတစ်ဦးက ပြောသည်။
အာလူးစိုက်တောင်သူများက မိမိတို့ထံလာရောက်ဝယ်ယူသည့် ကုန်သည်များကို အာလူးအမျိုးအစားမှန်ကန်စွာရွေးချယ်ပေးခြင်း၊ အာလူးအရွယ်အစားမှန်ကန်စွာ ရွေးချယ်ပေးခြင်း၊ ကုန်ချိန်မှန်ကန်စွာ ချိန်တွယ်ပေးခြင်း၊ အာလူးအပျက်အစီးများ လျော့နည်းအောင်သန့်စင်ပေးခြင်း၊ အောင်ပန်းကုန်စည်ဒိုင်ဈေးနှုန်းနှင့် တစ်ပိဿာလျှင် ကျပ်(၁၀၀)ခွာပေးခြင်း စသည့်အာမခံချက်များဝန်ဆောင်မှုကို ဆောင်ရွက်ပေးပြီး အာလူးများ လာရောက်ဝယ်ယူသည့် ကုန်သည်များ အကျိုးခံစားခွင့်အနေဖြင့် စိုက်ပျိုးရေးတောင်သူများထံ တိုက်ရိုက်ဝယ်ယူခြင်းကြောင့် ကုန်ကျစရိတ်သက်သာခြင်း၊ မိမိတို့ဈေးကွက်နှင့် ကိုက်ညီသည့် ကုန်ပစ္စည်းမျိုးကောင်းမျိုးသန့်ရရှိခြင်း၊ မိမိတို့ကုန်ပစ္စည်းများအတွက် စိတ်ချစွာတင်ပို့ရောင်းချနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ခံစားရရှိစေပါသည်။
နောင်တရားဒေသပတ်ဝန်းကျင်ကျေးရွာများတွင် မားကစ်၊ မျက်နီ၊ စစ်ဗိုလ်၊ မဟာမိတ်၊ ရမ်းဘား၊ ဘေဘီလုံ၊ အမ်ဆစ်၊ ဘင်္ဂါလားမျိုး စသည့် အာလူးမျိုးများကို စိုက်ပျိုးကြသည်။ အာလူးမျိုးများပြားလာခြင်းကြောင့် ရပ်ဝေးစားသုံးသူထံသို့တင်ပို့မည့် အာလူးများ၊ ရပ်နီးစားသုံးသူထံသို့ရောင်းချမည့် အာလူးများ ကိုရွေးချယ်တင်ပို့ရောင်းချရာတွင် အာလူးအမျိုး အစားပေါ်မူတည်၍ ကွဲပြားနိုင်သည်။ ကုန်သည်များအနေဖြင့် ကြော်အာလူးနှင့် စားအာလူး စသည့် စားသူများအကြိုက်ကိုလည်း ဝန်ဆောင်မူပေးနိုင်မည်ဖြစ်သည်။ ထို့ကြောင့် နောင်တရားဒေသတွင် အာလူးစိုက်ပျိုးသည့် တောင်သူများက မိမိတို့ခြံတွင် ထွက်ရှိသည့် စိုက်ပျိုးရေးထွက်ကုန်များကို စားသုံးသူလက်ထဲသို့ တိုက်ရိုက်ရောင်းချသည့် ကုန်သည်များထံသို့ တိုက်ရိုက်တင်ပို့ရောင်းချသည့် စနစ်ကို စတင်ကျင့်သုံးလျက်ရှိကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)