ဟိုပန် ဇွန် ၈
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဉီးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား ထူးချွန်ထက်မြက်ပြီး အကျင့်စာရိတ္တကောင်းမွန်သော လူတော်လူကောင်းများဖြစ်လာစေရန်နှင့် မူးယစ်ဆေးဝါးကင်းစင်သော ကျောင်းပတ်ဝန်းကျင်ဖြစ်လာစေရန် ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီက ဟိုပန်မြို့နယ်၊ ရွှေဝါကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ အထက(ခွဲ)(ရွှေဝါ)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအောင်ချစ်စုက ဟောပြောပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး “လူငယ်နှင့်စာရိတ္တ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းအောင်က “လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်”၊ “လူငယ်နှင့်ရည်မှန်းချက်” စသည့်ခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောခဲ့ကြသည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာဉီးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းမျိုးသန္တာဦးက "လူငယ်နှင့်အားကစား" ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး စာသင်ကျောင်းအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာကြီးက လက်ခံရယူခဲ့သည်။
ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများအား ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ “မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး”ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်နှင့် ဓာတ်ပုံပြဘုတ်များအား ပြသခဲ့ကာ ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် "သတင်းစကား" လက်ကမ်းစာစောင်များအား အခမဲ့ ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ဆက်)