လှိုင်သာယာ(အနောက်ပိုင်း) အောက်တိုဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ အမှတ်(၁၂) ရပ်ကွက်၊ ဒေသန္တရဆေးခန်းတွင် ဖွင့်လှစ်ထားရှိသည့် လှိုင်သာယာဖျားနာကု (အခမဲ့) ဆေးခန်းသို့ ယမန်နေ့ မွန်းလွဲ(၂)နာရီခန့်တွင် နိုင်ငံချစ်သူများအဖွဲ့က KTM သောက်ရေသန့် (၃၀၀)ဘူး လာရောက် လှူဒါန်းခဲ့သည်။
အဆိုပါ လှူဒါန်းရာတွင် နိုင်ငံချစ်သူများအဖွဲ့မှ ဖျားနာကုဆေးခန်းသို့ လာရောက်ပြသသည့် လူနာများ၊ စေတနာ့ဝန်ထမ်းများအတွက် သောက်ရေသန့်(၃၀၀)ဘူးအား လာရောက်လှူဒါန်းခဲ့ပြီး တာဝန်ခံ ဆရာဝန် ဒေါက်တာနိုင်မင်းထွဋ်က လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
လှိုင်သာယာဖျားနာကု(အခမဲ့) ဆေးခန်းသည် ဒေသအတွင်းရှိ စက်ရုံအလုပ်ရုံများမှ အလုပ်သမားများ နှင့် ရပ်ကွက်/ကျေးရွာအတွင်းရှိ မိဘပြည်သူများအား ယခုလို ကိုဗစ်−၁၉ ကမ္ဘာ့ကပ် ရောဂါ ဖြစ်ပွား နေစဉ်ကာလအတွင်း ဆေးခန်းအများစုသည် ယခင်အချိန်ကကဲ့သို့ ဖွင့်လှစ်ခြင်း မရှိသောကြောင့် ပြည်သူများအနေဖြင့် Stay at home အမိန့်ထုတ်ပြန်ထားသည့် ကာလအတွင်း မြို့နယ်ဆေးရုံကြီးနှင့် လှိုင်သာယာဖျားနာကု(အခမဲ့)ဆေးကုခန်းကိုသာ အားကိုးလျက်ရှိကြရာ နှာချေချောင်းဆိုးခြင်း၊ ဖျားနာ ခြင်း၊ လည်ပင်းနာခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အသက်ရှူမဝခြင်းနှင့် အနံ့အရသာပျောက်ဆုံးသူများ အနေဖြင့် အချိန်တိုအတွင်း ဆေးကုသမှုခံယူနိုင်ရန်နှင့် ကိုဗစ်−၁၉ ရောဂါ သံသယရှိသည့် လူနာများ ကိုလည်း စောလျှင်စွာ ကျန်းမာရေးစောင့်ရှောက်မှုခံယူနိုင်ရန်အတွက် မြို့နယ်ဆေးရုံကြီးသို့ ချိတ်ဆက် ၍ လွှဲပြောင်းပေးလျက်ရှိရာ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသနိုင်ရန်အတွက် ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)