နေပြည်တော် ဇွန် ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေဦးးစွာ နေပြည်တော် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက နိုင်ငံတော်အနေဖြင့် ခေတ်သစ်စနစ်သစ်နှင့်အညီဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြုပြင်ပြောင်းလဲရေးမဟာဗျူဟာလုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နေပြည်တော်အတွင်း၌ ဌာနမူလတန်းကြို ကျောင်း ၈ ကျောင်း၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်း ၈၈ ကျောင်း၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း ၅၅ ကျောင်း၊ မိခင်ဝိုင်း ၂၇ ဝိုင်းဖြင့် ကလေးများဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အနာဂတ်၏ကြယ်ပွင့်ကလေးများဖြစ်သည့် ကလေးငယ်များအား နိုင်ငံတော်အတွက်အရည်အသွေးရှိပြီး လင်းလက်တောက်ပသော ကြယ်စင်လေးများဖြစ်အောင် တာဝန်ရှိသူများအနေဖြင့် ပြုစုပျိုးထောင်ပြီး အကောင်းဆုံးစောင့်ရှောက်ပေးကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး၊ ဒေါ်ဥမ္မာဆွေမှ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာသော ကော်မတီဝင်များမှ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)