ပုဗ္ဗသီရိ ဇွန် ၈
ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာအုပ်စု၊ အေးမြင့်သာယာကျေးရွာ အေးချမ်းသာခန်းမဆောင်၌ ဥယျာဉ်ခြံဟင်းသီးဟင်းရွက်အပင် ဇီဝနည်းပညာဌာနမှ အိမ်ခြံဥယျာဥ်စိုက်ပျိုးခြင်း နည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားသို့ ဥယျာဉ်ခြံဟင်းသီးဟင်းရွက်အပင် ဇီဝနည်းပညာဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးထိုက်ကြွယ်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီအောင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နီနီရှိန်၊ ပုဗ္ဗသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထက်အောင်ကျော်တို့ တက်ရောက်ခဲ့ပြီး ဥယျာဉ်ခြံဟင်းသီးဟင်းရွက် အပင်ဇီဝနည်းပညာဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးထိုက်ကြွယ်မှ ဆွေးနွေးရာ၌ အိမ်တွင်ဟင်းသီးဟင်းရွက်များကို တနိုင်တပိုင် စိုက်ပျိုးခြင်းအားဖြင့် ကျန်းမာရေးအတွက် သင့်တော်ပြီး လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်များကို စားသုံးနိုင်မှာဖြစ်ပါကြောင်း၊ မိသားစုဝင်ငွေကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေပါကြောင်း၊ မီးဖိုချောင်စရိတ်ကိုလည်း သက်သာစေပါကြောင်း ဆွေးနွေးခဲ့သည်။ ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နီနီရှိန်မှ ဟင်းသီးဟင်းရွက်စိုက်ပျိုးရာတွင် သိရှိရမည့် နည်းလမ်းများအား ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသူများမှ သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့သည်။
အဆိုပါ အိမ်ခြံဥယျာဥ်စိုက်ပျိုးနိုင်ရေးအတွက် သီးနှံစိုက်ပျိုးမျိုးစေ့များကို ဥယျာဉ်ခြံဟင်းသီးဟင်းရွက်အပင် ဇီဝနည်းပညာဌာနမှ ရာသီအမှီ အခမဲ့ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန္တာလင်း(ပုဗ္ဗသီရိ)