ဆီဆိုင် အောက်တိုဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် မဲစာရင်းကို အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်ကြာ ကပ်ထား ကြေညာပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆန္ဒမဲစာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာပေးလျက်ရှိပြီး ဆန္ဒမဲစာရင်းတွင် မိမိအမည် မပါဝင်ပါက ပုံစံ(၃)ဖြင့် အမည်ထည့်သွင်းရန် တောင်းဆိုခြင်း၊ အနည်းဆုံးရက်ပေါင်း(၉၀)ထက်မနည်း မဲဆန္ဒပြင်ပရောက် အခြားမဲဆန္ဒရှင်များသည် မိမိတို့၏ အမြဲတမ်းနေရပ်သို့ သွားရောက်ပြီး မဲပေးလိုခြင်းမရှိပါက ပုံစံ(၃-က)ဖြင့် လျှောက်ထား ခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ) ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းများကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများမှ ပြန်လည်စိစစ်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အတွက် ဆီဆိုင်မြို့နယ်တွင် ရက်ကွက် (၆)ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၃)အုပ်စု၊ ကျေးရွာပေါင်း (၃၂၁)ရွာအတွက် မဲရုံ(၉၃)ရုံ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၀၅၀၉၉)ဦး ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)