ဒလ ဇွန် ၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် စာသင်ကျောင်းများတွင် သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်(Abate) ဆေးခတ်ခြင်းလုပ်ငန်းကို မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့က ခနောင်အထက်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၊ ခနောင်ရှမ်းစုကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းနှင့် ပျော်ဘွယ်ကြီးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် ဆောင်ရွက်ခဲ့ကြသည်။
မိုးဦးကျရာသီတွင်ဖြစ်ပွားတတ်သော ခြင်ပေါက်ပွားမှုများကြောင့် ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ငှက်ဖျား ရောဂါကင်းဝေးစေရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်း၊ အဘိတ်(Abate) ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်ရှိနေသော စာသင်ကျောင်းများ၊ ရပ်ကွက်နှင့်ကျေးရွာများသို့ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်(Abate) ဆေးခတ်ခြင်းလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်ဇော်