မိုးနဲ အောက်တိုဘာ ၈
ရှမ်းပြည်နယ်(တောက်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေး မြို့နယ်ကော်မရှင် အဖွဲ့ခွဲအစည်းအဝေးကို ယနေ့နံနက် ၈ နာရီက မြို့နယ် ကမ္ဘောဇခန်းမ၌ ပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဌေးညွန့်တို့က အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်တွင်းရှိ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ လူဦးရေစာရင်း ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရှိ လူဦးရေစာရင်း ၊မြို့နယ်အလုပ်သမား ၊လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးဌာနရုံးရှိ လူဦးရေစာရင်း ၊တစ်အိမ် တက်တစ်အိမ်ဆင်း ကွင်းဆင်း ကောက်ယူခဲ့သော ရပ်ကွက်/ကျေးရွာအလိုက်ကော်မရှင်အဖွဲ့ခွဲများရှိ လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးပြီး စာရင်းမှ ပယ်ဖျက်ခြင်း ၊ဖြည့်စွက်ခြင်းနှင့် မဲစာရင်းတွင် ကွပ်လပ်ဖြစ်နေသူများအား ကပ်ပြားတစ်မျိုးမျိုးထုတ်ပေးနိုင်ရေးကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငယ်တန်းစာရေး(ရပ်/ကျေး) (၂၆)ဦးကို ကိုဗစ်-၁၉ ရောဂါကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ခြင်းနှင့် ၂၀၂၀ ပြည့်နှစ် ၊အထွေထွေ ရွေးကောက်ပွဲကိစ္စရပ်များ ဆောင်ရွက်ခြင်း အတွက် တစ်ဦးလျှင် ချီးမြှင့်ထောက်ပံ့ငွေကျပ် တစ်သိန်းစီကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်က ဝန်ထမ်းများ၏ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)