မိတ္ထီလာ ဇွန် ၈
မိတ္ထီလာမြို့နယ်၌ အပူပိုင်းဒေသစိမ်းလန်းစိုပြည်သာယာလှပစေရန်နှင့် ကျေးလက်နေပြည်သူများ၏ အခြေခံသစ်တောထွက် ပစ္စည်းများဖြည့်ဆည်းပေးရန်အတွက် ပျိုးပင်ပေါင်း (၆၂၂၅၀)ကျော် စိုက်ပျိုးခြင်း လုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သိရသည်။
အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ မိတ္ထီလာမြို့နယ်အတွင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည် သာယာလှပစေရန်၊ ရေမြေသဘာဝဝန်းကျင်ကို ထိန်းသိမ်းရန်၊ ကျေးလက်နေပြည်သူများ၏ အခြေခံ သစ်တောထွက်ပစ္စည်းများ ဖြည့်ဆည်းပေးရန်၊ ကျေလက်နေပြည်သူများ၏ လူမှုစီးပွားဘဝထာဝစဉ်ဖွံ့ဖြိုး တိုးတက်စေရန်၊ သစ်တော သစ်ပင်များ၏ တန်းဖိုးနှင့် အနှစ်သာရကို ဒေသနေပြည်သူများ သိရှိနားလည်စေ ရန်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူလူထု အသိပညာ မြှင့်တင်ရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို တိုးတက်ရရှိစေရန်၊ ရာသီဥတုမျှတကောင်းမွန်လာခြင်းဖြင့် စိုက်ပျိုးရေးကို အထောက်အကူဖြစ်စေရန်နှင့် သဲကန္တာရဖြစ်ထွန်းမှုကို ကာကွယ်တားဆီးရန်တို့အတွက် နှစ်စဉ် သစ်တောစိုက်ခင်းများ ထူထောင်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာမှ မိတ္ထီလာမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ် (၂၀၂၃ခုနှစ်) မိုးရာသီတွင် သင်္ဘောကုက္ကို၊ ဒဟတ်၊ မဲဇလီ၊ ယူကလစ်၊ ရင်းမာ၊ တမာစသည့် ပျိူးပင်ပေါင်း (၆၂၂၅၀) ကို မေလ ၁၄ ရက်နေ့မှ စတင်၍ သစ်တောကြိုးဝိုင်းများတွင် စိုက်ပျိုးလျက်ရှိသည်။
ယင်းသို့စိုက်ပျိုးရာတွင် တောင်လျှော်ကန်ကြိုးဝိုင်းအကွက်အမှတ်(၁၂)အတွင်း၌ ကျေးရွာသုံးစိုက်ခင်း ဧက (၅၀)တွင် ပျိုးပင် (၂၇၀၀၀)ပင်၊ ကုန်းတန်းကြိုးဝိုင်းအကွက်အမှတ်(၁၊၂)အတွင်း၌ အခြားစိုက်ခင်း (၂၅) ဧကတွင် ပျိုးပင် (၃၀၂၅၀)နှင့် တစ်အုပ်တစ်မ စိုက်ခင်း (အထူးစိမ်းအပင်ကြီး) ပျိုးပင် (၅၀၀၀)ပင် တို့ကို စိုက်ပျိုးလျက်ရှိရာ အဆိုပါစိုက်ပျိုးခြင်းလုပ်ငန်းများမှာ ယခုဆိုလျှင် ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)