သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား နာနတ်သီးနှံအသိအမှတ်ပြု GAP လက်မှတ်ပေးအပ်

သီပေါ ဇွန် ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နမ့်ရမ်းကျေးရွာအုပ်စု၊ နောင်ကော်ကြီးကျေးရွာအုပ်ရေးမှူးရုံးတွင် ယမန်နေ့နံနက် (၁၀)နာရီက တောင်သူများအား နာနတ်သီးနှံအသိအမှတ်ပြု GAP လက်မှတ်ပေးအပ်သည့် အခမ်းအနား ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းမင်းဦးက စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (Good Agriculture Practices) GAP ဆိုသည်မှာ စိုက်ပျိုးထုတ်လုပ်စဉ် အစားအစာများ ဘေးကင်းလုံခြုံစိတ်ချရန်၊ ထုတ်ကုန်အရည်အသွေးကောင်းမွန်စေရေး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေရေး၊ လုပ်သားများ၏ ကျန်းမာရေး၊ လူမှုဘဝ သာယာဝပြောရေးအတွက် ရည်ရွယ်ပြီး ထည့်သွင်းဆောင်ရွက်သည့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်များဖြစ်ပါကြောင်း၊ ထို့အပြင် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနမှ သတ်မှတ်ထားသည့် စိစစ်ချက် ၁၆ ချက်နှင့် ကိုက်ညီသည့် စိုက်ပျိုးသီနှံခြံများကို  မြန်မာ့(GAP) အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် နောင်ကော်ကြီးကျေးရွာမှ တောင်သူများအား GAP အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ခဲ့ကြောင်းနှင့် တောင်သူပညာပေးသင်တန်းကို ဆက်လက် ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)