လားရှိုးမြို့တွင် ဆရာတော်သံဃာတော်များနှင့် သီလရှင်အပါး ၆၀၀ ကျော်တို့အား အရုဏ်ဆွမ်းလောင်းလှူ

လားရှိုး ဇွန် ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ  မြန်မာ့မီးရထားသဗ္ဗသုခဗုဒ္ဓဝေယျာဝစ္စ(လစဉ်)အရုဏ် ဆွမ်းလောင်းအသင်းမှကြီးမှူးကာ ဇွန်လ ၆ ရက်နံနက် ၅ နာရီအချိန်က  မြန်မာ့မီးရထားဘူတာရုံရှေ့တွင် အရုဏ်ဆွမ်းလောင်းလှူခဲ့ကြကြောင်း သိရသည်။

လားရှိုးမြို့ရှိ မြန်မာ့မီးရထား သဗ္ဗသုခဗုဒ္ဓဝေယျာဝစ္စ(လစဉ်)အရုဏ် ဆွမ်းလောင်းအသင်းသည်  ရပ်ကွက်နေပြည်သူများ၊ စေတနာရှင်အလှူရှင်များကစုပေါင်း၍ လားရှိုးမြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်ရှိ ဆရာတော်သံဃာတော်များ၊ သီလရှင်များ ဆွမ်းကွမ်းကိစ္စ အဆင်ပြေမှုရှိစေရေးတို့အတွက် လားရှိုးမြို့ပေါ်ရှိ ကျောင်းတိုက် ၁၃ တိုက်မှ ပင့်သံဃာ ၄၆၃ ပါး၊ သီလရှင် ၁၄၀ ပါးတို့ကို ပင့်ဖိတ်ကာ ဆွမ်းလောင်းလှူခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့မီးရထား သဗ္ဗသုခဗုဒ္ဓဝေယျာဝစ္စ(လစဉ်) အရုဏ်ဆွမ်းလောင်းအသင်းသည် ဆရာတော်သံဃာတော်များနှင့် သီလရှင်များအတွက် ဝါတွင်း၊ ဝါပတစ်နှစ်ပတ်လုံး လစဉ်လဆန်း (၆)ရက်နေ့ ရောက်တိုင်း ဆွမ်းလောင်းကုသိုလ်ပြုသွားမည်ဖြစ်ပြီး မည်သူမဆို ကုသိုလ်ပြုပါဝင် လှူဒါန်းနိုင်ကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)