နေပြည်တော် ဇွန် ၈
နေပြည်တော် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၆ ရက်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၂) တွင် ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော် စက်မှုဇုန်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက“စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးနှင့် သန့်ရှင်းသာယာလှပရေးတို့ကို အလေးထားဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဆပ်ကော်မတီအသီးသီးများမှ စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားကြိုးစားဆောင်ရွက်စေလိုကြောင်း၊ စက်မှုဇုန်အတွင်းမြေနေရာချထားမှုများနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးစေလိုကြောင်း” ပြောကြားသည်။
ထို့နောက် မြေနေရာချထားခွင့်စိစစ်တင်ပြရေးဆပ်ကော်မတီဥက္ကဋ္ဌက ထပ်မံချထားပေးသည့်လုပ်ငန်းများ၏ မြေတန်ဖိုးပေးသွင်းပြီးစီးမှု၊ ပုံစံ၁၀၅/၁၀၆ လျှောက်ထားလာမှု အခြေအနေများကိုလည်းကောင်း၊ ဘဏ္ဍာရေးဆပ်ကော်မတီဥက္ကဋ္ဌမှ ထပ်မံချထားပေးသည့်လုပ်ငန်းများ၏ Infrastructure ကြေးပေးသွင်းပြီးစီးမှု၊ Infrastructure ကြေးလက်ကျန် အခြေအနေများကိုလည်းကောင်း၊ နေပြည်တော် စက်မှုဇုန်ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူးက ဒက္ခိဏသီရိစက်မှုဇုန်၏ ဆောက်လုပ်ရေးကိစ္စများနှင့် စပ်လျဉ်း၍ တင်ဒါကော်မတီ ဖွဲ့စည်းမည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တက်ရောက်လာသည့် စက်မှုဇုန်ကြီးကြပ်ရေးကော်မတီဝင်များနှင့် တာဝန်ရှိသူများက စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ နေပြည်တော် စက်မှုဇုန်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)